Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Friday, December 26, 2014

ဘယ်သူနဲ့ မှ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သန့် ရှင်းရေးသုံးပစ္စည်း ခြောက်မျိုး


ကျွန်တော်တို့ အားလုံးနဲ့ အခုလို အခြေအနေမျိုးနဲ့ ကြုံဖူးပါလိမ့်မယ်။ သူငယ်ချင်းက ချွေးနံ့ ပျောက်ဆေး မေ့ခဲ့တာမျိုး ဒါမှမဟုတ် အခန်းဖော်က ဆပ်ပြာကုန်သွားတာမျိုးပေါ့။ အဲ့လိုအချိန်တွေမှာ သူတို့ ကို မကူညီ ဘူးဆိုရင်တော့ တော်တော်ရိုင်းသွားလိမ့်မယ်လို့ ခံစားမိမှာပေါ့။ ဒါပေမယ့် တစ်ချို့ ပစ္စည်းတွေကတော့ သင့်ရဲ့ ခန္ဓာကိုယ်အတွက်ပဲ သုံးသင့်ပါတယ်။ သူငယ်ချင်းကို ဘယ်လောက်ချစ်ချစ် အောက်မှာဖော်ပြထားတဲ့ သန့်  ရှင်းရေးပစ္စည်း ခြောက်မျိုးကိုတော့ ဘယ်သူနဲ့ မှ မျှမသုံးသင့်ပါဘူး။

၁။ ဆပ်ပြာတောင့်

၂၀၀၈ ခုနှစ်၊ ဖလော်ရီဒါတက္ကသိုလ်က ဘောလုံးသမားတွေကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ဆပ်ပြာတုံး တွေ မျှသုံးတဲ့လူတွေမှာ MRSA လို့ ခေါ်တဲ့ ဆေးယဉ်ပါးနေတဲ့ဘက်တီးရီးယားပြည်တည်နာ ရောဂါပိုး ပြန်လည် ဖြစ်နိုင်ခြေများပါတယ်။ ဆပ်ပြာတုံးတွေမှာ ဘက်တီးရီးယားတွေ ကပ်ပါနေတတ်တာကြောင့် ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးစင်တာက ဆပ်ပြာတုံးအစား ဆပ်ပြာရည်တွေကို အသုံးပြုဖို့  အကြံပေးခဲ့ပါတယ်။ ဆပ်ပြာတုံးတွေကို မျှမသုံးသင့်ပေမယ့် ဆပ်ပြာရည်ဆိုရင်တော့ ရပါတယ်။

၂။ ကိုယ်နံ့ ပျောက်ဆေး

ကိုယ်နံ့ ပျောက်ဆေးတွေဆိုတာ ဘက်တီးရီးယားပိုးတွေရဲ့ အနံ့ အသက်ဆိုးရွားမှုကို နှိမ်နှင်းပေးတာပါ။ ဒီတော့ ဒီအဏုဇီဝပိုးတွေကိုသတ်ပစ်နိုင်တဲ့ အရာတွေပါဝင်မှာပါ။ ချွေးနံ့ ပျောက်ဆေးတွေဟာ သင့်ရဲ့ ချွေးထွက်မှုကို သာ လျော့နည်းစေပြီး ဒီ ချွေးနံ့ ပျောက်ဆေးတောင့်မှာ ကပ်ပါလာမယ့် ပိုးတွေကို မသတ်နိုင်ပါဘူး။ တစ်ခု ကောင်းတာက ဒီနည်းနဲ့ ရောဂါကူးစက်မှုမဖြစ်နိုင်လောက်ဘူးဆိုပေမယ့် အရေပြားဆဲလ်တွေ၊ အမွှေးအမျှင်တွေ ကပ်နေတတ်ပြီး ဒီပစ္စည်းကို မျှသုံးမယ်ဆိုရင်တော့ တော်တော် ရွံဖို့ ကောင်းမှာပါ။

၃။ မုတ်ဆိတ်ရိတ်ဓား

အမျိုးသမီးအရေပြားကျန်းမာရေးအစီအစဉ် ရဲ့ ဒါရိုက်တာ၊ အရေပြားအထူးကုသမားတော် Bethanee J.Schlosser ရဲ့ အဆိုအရ မုတ်ဆိတ်ရိတ်ဓားတွေဟာ အသည်းရောင်အသားဝါ ဘီပိုး၊စီပိုးနဲ့ HIV တို့ ကူးစက်မှု မှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။ မုတ်ဆိတ်ရိတ်ဓားတွေကို မျှသုံးတာက မှိုရောဂါပိုး ကူးစက်တတ်ကြောင်း သိရှိရပြီး အထူးသဖြင့် ပွေးနာတွေ အဖြစ်များတယ်လို့ သူမက ဆိုပါတယ်။

၎။ မျက်နှာသုတ်ပ၀ါ

ညစ်ပတ်နေတဲ့ မျက်နှာသုတ်ပ၀ါတွေ၊ အထူးသဖြင့် စိုစွတ်နေတဲ့ ပ၀ါတွေကို မျှဝေသုံးတာက မျက်စိနာ ရောဂါကနေ ကာလသားရောဂါအထိ ကူးစက်နိုင်ပါတယ်။ နောက်တစ်ခါ သူငယ်ချင်းတွေနဲ့ ဟိုတယ်၊ တည်းခိုခန်းတစ်ခုခုမှာ တည်းပြီဆိုရင် ကိုယ့်ပ၀ါကို ကိုယ်မှတ်ထားပေတော့။

၅။ သွားတိုက်တံ

ကိုယ်အမြဲနမ်းနေတဲ့ ကိုယ့်ချစ်သူနဲ့ ပဲဖြစ်ဖြစ်၊ သွားတိုက်တံကို မျှသုံးတာကတော့ တော်တော်ရွံဖို့  ကောင်းပါတယ်။ သွေးကတဆင့်ကူးစက်ရောဂါ တွေ ကူးစက်ခံရဖို့ များတယ်လို့  ဆိုပါတယ်။ သွားတိုက်တာဟာ သွေးလမ်းကြောင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေရဲ့ ပမာဏကို မြင့်တက်စေပြီး သွားတိုက်တံမှာ ကျန်ခဲ့တဲ့ သွေးစသွေးနတွေကဆင့် ကြောက်စရာရောဂါတွေ ကူးစက်နိုင်ပါတယ်။

၆။ လက်သည်းညှပ်

လက်သည်းညှပ်တွေကနေ လက်သည်းမှိုစွဲခြင်း အပြင် သွေးကတဆင့်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် လက်သည်း၊ခြေသည်းညှပ်နေရင်းနဲ့ အရေပြားကို ညှပ်မိတဲ့အခါမျိုးမှာပေါ့။ ဒါကြောင့် သင့်သူငယ်ချင်းက လက်သည်းညှပ်ဌားပါအုန်းလို့ ပြောလာခဲ့ရင် လက်သည်းခြေသည်းညှပ်တဲ့ အလှပြင်ခန်းမဆီ သွားဖို့ အကြံပေးလိုက်ပါ။


Credit: Trend Myanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Tuesday, December 23, 2014

ဆံပင်တွေ ဘာဖြစ်လို့ ကျွတ်ရတာလဲ



ဆံပင်ဆိုးဆေးတွေ နှစ်ကြိမ်လောက်ဆိုးပြီးပြီ ဒါမှမဟုတ် စိတ်ဖိစီးမှုများတဲ့ အလုပ်ထဲ ရောက်နေပြီဆိုရင်တော့ သင့်ရဲ့ထူနေတဲ့ဆံသားတွေ သိသိသာသာပါးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ သင်နေ့စဉ် ဖြတ်သန်းရတဲ့ဘဝမှာပဲ သင့်ရဲ့ အပြုအမူ သို့မဟုတ် ကျန်းမာရေးချို့ယွင်းမှုတွေကြောင့်လည်း ဆံပင်ကျွတ်ခြင်းကို ကြုံရတတ်ပါတယ်။ အောက်မှ ဖော်ပြထားတဲ့အချက်တွေကို လေ့လာကြည့်ပါ။

ကိုယ်အလေးချိန်

ရုတ်တရတ် သင့်အလေးချိန်ကျသွားတဲ့အတွက် ခန္ဓာကိုယ်တုံ့ပြန်မှုတွေဟာ တစ်မျိုးမက ရှိနိုင်ပါတယ်။ အဲဒါကြောင့် ပညာရှိတွေ အကြံပေးချက်အတိုင်း ကိုယ်အလေးချိန် လျော့တဲ့နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ သင့်ဆံပင်တွေ အများကြီး ဆုံးရှုံးသွားနိုင်ပါတယ်။

စိတ်ဖိစီးမှု

လူအများဆံပင်ကျွတ်ရခြင်း အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။ ဖိစီးမှုတွေဟာ ခဏပဲ ဖြစ်နေရင်တောင်မှ သင့်ဆံပင် အမြစ်ကနေ ဦးရေပြားအထိ ရောက်လာဖို့ အချိန်သုံးလကြာမြင့်ပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုကြောင့်လည်း ဆံပင်ရှည်လာနှုန်းကို နှေးကွေးစေနိုင်ပါတယ်။

ဖျားနာခြင်း

သင်ဟာ သွေးလွန်တုတ်ကွေးလို အဖျားကြီးပြီး ဖျားနာတတ်တဲ့ အကျင့်ရှိသူ ဖြစ်ရင်တော့ သင့်ဆံပင်တွေဟာ အဖျားတက်လာတဲ့ အပူချိန်ကြောင့် သိသိသာသာ ကျွတ်ကျလာတာကို သင်သတိထားမိမှာပါ။

မျိုးရိုးလိုက်ခြင်း

ဆံပင်ကျွတ်တာက မျိုးရိုးနဲ့ အလွန်ပတ်သတ်မှုရှိတဲ့ အရာတစ်မျိုး ဖြစ်ပါတယ်။ သင့်မိဘတွေဟာ ငယ်ရွယ်တုန်းက ဆံပင်တွေဖြူပြီး ကျွတ်ကျခဲ့ဖူးတယ်ဆိုရင်တော့ အဲဒီအတိုင်းပဲ သင့်မှာလည်း ဖြစ်လာနိုင်ချေများပါတယ်။

အစားအစာ

ကျွမ်းကျင်ပညာရှင်လေ့လာချက်အရ ဆံပင်ရဲ့ ၈၀% ဟာ ပရိုတင်းဓါတ်တွေ ဖြစ်ပါတယ်တဲ့။ ဒါဆို ပရိုတင်းဓါတ်စားတာ နည်းလာပြီဆိုရင် သင့်ဆံပင်က သက်ရောက်မှု အခံရဆုံး ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် အသီးအရွက်တွေနဲ့ အနီရောင်အသားတွေ များများစားဖို့ လိုအပ်ပါတယ်။

Ref:herworldplus.com
Trend Myanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Saturday, December 20, 2014

ဦးနှောက် ကျန်းမာရေး ကောင်းမွန်စေမည့် နည်းသုံးသွယ်




သံပရာရည်... ရှောက်ရည် သုံးပြီး ပလုတ်ကျင်းပါ...

လေ့လာမှု အသစ် တစ်ခုအရ ချိုမြိန်တဲ့ အရည်တွေက မှတ်ဉာဏ်ကို ကောင်းမွန်စေကြောင်း သိရပါတယ်။ ဂျော်ဂျီယာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ သကြားပါတဲ့ သံပရာရည်/ ရှောက်ရည်ကို သုံးပြီး ပလုတ်ကျင်း တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲရမှတ် အဆင့် ကောင်းမွန်ကြောင်း သိရပါတယ်။ ခံတွင်းထဲ သကြားဝင်ရောက် ချိန်မှာ ဦးနှောက်ရဲ့ လှုံ့ဆော်မှု ဆိုင်ရာ စင်တာကို သိသိသာသာ အချက်ပြ လိုက်တာကြောင့် အာရုံ စူးစိုက်မှုကို ကောင်းမွန် သွားစေပါတယ်။

တစ်ည ခုနစ်နာရီ အိပ်စက်ပါ...

အိပ်စက်ချိန် များလွန်းတာက အိပ်စက်ချိန် နည်းတာလိုပဲ ကျန်းမာရေး အတွက် အန္တရာယ်ပါ။ ဘရိုင်ဟမ်နဲ့ ဘော့စတွန် အမျိုးသမီးဆေးရုံက လေ့လာသူတွေက လူတစ်သောင်းခွဲ ကျော်ကို နှစ်၂၀ကြာ လေ့လာခဲ့ရာ ခုနစ်နာရီ အိပ်သူတွေထက် နှစ်နာရီကျော် ပိုအိပ်သူ ဒါမှမဟုတ် နှစ်နာရီ လျှော့အိပ်သူ တွေဟာ ဦးနှောက်နှစ်နှစ် ပိုအိုနေကြကြောင်း သိရပါတယ်။ တစ်ညနှစ်နာရီ ပိုအိပ်တာနဲ့ လျှော့အိပ်တာဟာ တွေးခေါ် မြော်မြင်နိုင်စွမ်းကို ထိခိုက် စေပါတယ်။

ထောပတ်အတု လျှော့စားပါ...

ပြောင်းဖူးပေါက်ပေါက်၊ ဝက်ပေါင်ခြောက် စတာတွေမှာ ထည့်ထားတဲ့ ထောပတ်အစားထိုး ထောပတ် အတုတွေမှာ ဒိုင်အစီတိုင်း အခြေခံ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ဦးနှောက်ဆဲလ် တွေကို ထိခိုက် စေနိုင်ပါတယ်။ ဒိုင်အစီတိုင်းဟာ ဦးနှောက်ထဲမှ ပရိုတင်းစုပုံမှု ဖြစ်စေပြီး အယ်လ်ဇိုင်းမား ရောဂါ ဖြစ်စေနိုင်လို့ပါ။

credit to နှင်းဆီဖူးလေးများ-Love BUDS
todaymyanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

ကိုယ်သင်းနံ့လေးမွှေးစေဖို့ (ယောက်ျားများအတွက်အထူး)

လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိ ယုံကြည်မှု ရှိပြီး ပေါင်းသင်းဆက်ဆံရေး မှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။
ဒါပေမဲ့ တကယ့်စစ်မှန် တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်း တွေထဲမှာ လိင်အမျိုးအစား အလိုက်လည်းကွာခြားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးနံ့ပိုထွက် လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံး နေတဲ့ အစားအစာတွေနဲ့ ဆေးဝါးတွေကလည်းချွေးနံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။
ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်း များမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဇင့်ဓာတ်လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့် ရှင်းမှု မရှိခြင်းတွေကတော့ ခန္ဓာကိုယ် မှအနံ့ဆိုးထွက်စေတဲ့ အဓိက အကြောင်းအရာ တွေလို့ လေ့လာတွေ့ရှိရပါတယ်။
ချွေးနံ့သက်သာစေမည့် အစားအစာများအမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့ စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ ကောင်းအောင် အထောက်အပံ့ဖြစ်စေပါတယ်။
ချွေးနံ့သက်သာစေမည့် အပြုအမူများ ချွေးနံ့သက်သာစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်နေ့အဝတ် အစားတစ်နေ့ပုံမှန်လျှော်ပါ။ အဝတ်အစားများကို မလျှော်ဘဲထပ်တလဲလဲ ဝတ်ဆင်ခြင်းကိုတော့ လုံးဝရှောင်ကြဉ် သင့်ပါတယ်။ အခါအားလျော်စွာ ချွေးနံ့ထွက်စေတဲ့ နေရာများကို သန့်စင်တဲ့အဝတ်စ၊ တစ်သျှူးစတွေနဲ့ ပွတ်တိုက်ပေးပါ။ ရေများများသောက်ခြင်းကလည်း ချွေးနံ့ဆိုးများသက်သာစေတဲ့ နည်းလမ်းပါပဲ။ ပူပြင်းတဲ့ရာသီဥတုမှာအေးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကိုသာဝတ်ဆင်ပါ။ ဒါပေမယ့်လက်ပြတ်အင်္ကျီဝတ်ဆင် ခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ချွေးနံ့ကိုအတိုင်းသာ ပေါ်လွင်စေလို့ပါပဲ။

ချွေးနံ့သက်သာစေမည့် နည်းလမ်းများ
- ရှာလကာရည်ကတော့ ချွေနံ့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းဆေးဝါးကောင်းပါပဲ။ ဂွမ်းနဲ့တို့ပြီးချွေးနံ့ထွက်စေတဲ့ ချိုင်းကြားနေရာတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။ ချိုင်းမွေးနုတ်ပြီး ဒါမှမဟုတ် ရိတ်ပြီး စမှာတော့ ရှာလကာ ရည်ကို မသုံးဖို့သတိပြုပါ။
- မုန့်ဖုတ်ဆော်ဒါနဲ့ ရှောက်ရည်၊ သံပရာရည် စတာရောစပ်ပြီးသုတ်လိမ်းပေးခြင်းကလည်း ချွေးနံ့သက်သာစေပြီး ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။
- ရေချိုးကန်ထဲမှာ ခရမ်းချဉ်သီးရည် ဒါမှမဟုတ် ပျားရည် အနည်းငယ်ထည့်ပြီး ၁၅ မိနစ်ခန့် ရေစိမ်ပေးခြင်းကလည်း ကိုယ်သင်းနံ့မွှေးစေနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီးချိုင်းကြားမှာ ကပ်ပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ခွာပြီး ရေဆေးပေးရင် တစ်နေ့တာလုံး ချွေးနံ့ကင်းစင်စေမှာပါ။
- ခန္ဓာကိုယ် အနံ့ဆိုးထွက်စေတဲ့ အကြောင်းအရာတွေထဲမှာ ခြေဆီလို့ခေါ်တဲ့ ခြေထောက်မှ ထွက်တဲ့ ချွေးနံ့ကလည်း ပါဝင်ပါတယ်။ ဒါကြောင့်ခြေဖဝါးနဲ့ ခြေချောင်းလေးများကို နေ့စဉ် ချေးချွတ် သန့်စင်ပေးပြီး ဖိနပ်စီးရာမှာလည်း လေဝင် လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုစီးပါ။
By: Good Health

မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

အမျိုးသားများတွင် ဖြစ်သော စိတ်ကျရောဂါ လက္ခဏာ ရှစ်ရပ်



စိတ်ကျရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါမျိုးပါ။ ဒါပေမယ့် တစ်ချို့ အမျိုးသားတွေမှာလည်း တွေ့ရှိရတတ်ပါတယ်။ သင့်ပတ်ဝန်းကျင်က သူငယ်ချင်း ယောကျာ်းလေးတွေ၊ အစ်ကို၊ မောင်နဲ့ ဦးလေးတွေမှာ အောက်ပါ လက္ခဏာတွေ ရှိတယ်ဆိုရင်တော့ စိတ်ဓာတ်ကျ ရောဂါရဲ့ လက္ခဏာတွေလား ဆိုတာ နားလည်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ နောက်ကျော သို့မဟုတ် ဗိုက်နာခြင်း

အမျိုးသား အများစုဟာ စိတ်ကျရောဂါ စတင်တော့မယ်ဆိုရင် အများအားဖြင့် နောက်ကျောနေရာက နာကျင်နေတတ်တာမျိုး၊ ဒါမှမဟုတ် မကြာခဏ ဆိုသလို ဗိုက်အောင့်၊ ဗိုက်နာဖြစ်တာမျိုးတွေ ခံစားကြရတတ်ပါတယ်။ စိတ်ဖိစီးမှု များလာလေလေ နာကျင်မှုက မသက်သာဘဲ နာတာရှည် ပုံစံမျိုး ဖြစ်လာတတ်ပါတယ်။ ဒါဟာ စိတ်ကျရောဂါ စတင်ဖို့ ဦးတည်နေပါတယ်။ ကျန်းမာတဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းက ယင်းပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

၂။ အစာစားလိုစိတ် မရှိခြင်းနှင့် ကိုယ်အလေးချိန် ကျခြင်း

ပုံမှန်စားနေကျ အစားအစာတွေကိုတောင် အရသာမရှိဘူးလို့ ဆိုလာတတ်ပါတယ်။ ခံတွင်းပျက်နေတတ်ပြီး ဘာစားစား အရသာ မရှိဘူးလို့ ခံစားနေရတတ်ပါတယ်။ အစာမစားတာ အချိန် ကြာလာတာကြောင့် သင့်ဝေဒနာက ပိုဆိုးလာနိုင်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် ထိုးကျသွားတာမျိုး၊ ကိုယ်အလေးချိန် တိုးလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

၃။ စိတ်တို၊ ဒေါသဖြစ်လွယ်ခြင်း

စိတ်ဖိစီးမှုတွေ များလာတဲ့ အချိန်မျိုးမှာ စိတ်ခံစားမှုတွေက အထိမခံ ဖြစ်လာပြီး စိတ်တိုဒေါသ ဖြစ်လွယ် လာတတ်ပါတယ်။ စိတ်တိုဒေါသ ဖြစ်တာတွေက မကြာခဏ ဆိုသလို ဖြစ်ပေါ်လာတတ်ပြီး တစ်ခါတလေ အကြောင်းပြချက် ရေရေရာရာ မရှိဘဲ စိတ်တိုနေတတ်ပါတယ်။ ယောဂလေ့ကျင့်ခန်းတွေက သင့်ကို ကူညီနိုင်ပါလိမ့်မယ်။

၎။ စိတ်အာရုံ စုစည်းရန် ခက်ခဲခြင်း

စိတ်ကျခြင်းရဲ့ အဓိက ပြဿနာရပ်ပါပဲ။ စိတ်အာရုံကို မစုစည်းနိုင်ဘဲ စိတ်ဂနာမငြိမ် ဖြစ်လာပါတယ်။ ဆုံးဖြတ်ချက် တစ်ခုကို ချဖို့တွက် တွေဝေနေတတ်ပြီး တော်ရုံကိစ္စတွေကို ဝေခွဲရခက်ခဲနေတတ်ပါတယ်။ ပြဿနာ အသေးအဖွဲတွေကိုတောင် စိတ်ဒုက္ခရောက်နေတတ်ပြီး အမြဲတမ်း တွေဝေနေတတ်ပါတယ်။

၅။ စိတ်လှုပ်ရှား နေတတ်ခြင်း

အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ စိတ်ဂနာမငြိမ်ခြင်း လိုမျိုးပဲ စိတ်လှုပ်ရှားနေတတ်ပြီး၊ အကြောင်းအရာ တစ်ခုခုကို မှန်မှန်ကန်ကန် ပြောဆိုဖို့ ခက်ခဲနေတတ်ကာ လူအများက သင့်ကို မယုံမကြည် ဖြစ်လာတဲ့အထိ စိတ်ဂနာမငြိမ်မှုတွေ ဖြစ်ပေါ်နေတတ်ပါတယ်။ တခြားသူတွေက အပြစ်ပြောဆိုမှာလား ဆိုတဲ့ အတွေးမျိုးတွေ ဖြစ်ပေါ်နေတတ်ပြီး လိမ်လည်ပြောဆိုမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အနားယူခြင်း မရှိဘဲ အချိန်ကြာကြာ အလုပ်လုပ်တာကြောင့် စိတ်လှုပ်ရှားမှုဟာ ပိုဆိုးလာတတ်ပါတယ်။ သက်သောင့်သက်သာနဲ့ စိတ်အပန်းပြေစေမယ့် ခရီးထွက်တာမျိုးက ကူညီနိုင်ပါလိမ့်မယ်။

၆။ အရက် ပိုသောက်လာခြင်း

စိတ်ကျရောဂါ ပိုဆိုးလာချိန်မျိုးမှာ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို စွဲလမ်း နှစ်ခြိုက်လာတတ်ပြီး၊ အရက်နဲ့ မူးယစ်ဆေးဝါး သုံးဆွဲပြီးချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ ခန္ဓာကိုယ်က နှစ်ခြိုက်မှုအပေါ်မှာ သာယာနေတတ် တာကြောင့် အရက်နဲ့ မူးယစ်ဆေးဝါးတွေကသာ စိတ်သက်သာရာ ရစေတယ်လို့ ထင်မြင်လာတတ် ပါတယ်။

၇။ လိင်စိတ် ကုန်ခန်းခြင်း

အမျိုးသား အများစုဟာ အမျိုးသမီးတွေထက် လိင်ကိစ္စကို စိတ်ဝင်စားပြီး၊ ပျော်မွေ့တတ်ကြပါတယ်။ လိင်ကိစ္စမှာ စိတ်မ၀င်စားတော့ဘဲ ဖြစ်လာပြီဆိုရင်တော့ ဒါဟာ တစ်ခုခု မှားယွင်းနေတာပါပဲ။ စိတ်ကျရောဂါ အခြေအနေ ပိုဆိုးလာတာနဲ့အမျှ လိင်ကိစ္စကို လုံးဝ စိတ်မ၀င်စားတော့ဘဲ အိမ်ထောင်ရေး သာယာမှုတွေလည်း လျော့နည်းလာပါတော့တယ်။

၈။ အဆိုးမြင်စိတ် ပိုလာခြင်း

အရာရာကို အကောင်းမြင်စိတ် မရှိတော့ဘဲ အပြုသဘောဆောင် တွေးတောမှုတွေ နည်းလာပါတယ်။ ပျော်ရွှင်ရယ်မောမှုတွေ နည်းပါးလာပြီး စိတ်အလိုမကျမှုတွေကသာ ဦးဆောင်နေတတ်တာကြောင့် သင့်ပတ်ဝန်းကျင်က လူတွေကလည်း သင်နဲ့ စကားပြောဆိုဖို့ ၀န်လေးလာကြပါတယ်။ တစ်ယောက်တည်း မျက်ရည်တွေ ကျပြီး ငိုနေတာမျိုး၊ စကားတွေ ပြောနေတာမျိုး ဆိုရင်တော့ နာတာရှည် စိတ်ကျရောဂါ ဖြစ်သွားနိုင်ပါတယ်။ အတတ်နိုင်ဆုံး အပြုသဘောဆောင် တွေးတောတတ်ဖို့ လေ့ကျင့်ပေးသင့်ပါတယ်။ ဖော်ပြပါ လေ့ကျင့်မှုတွေကို ပြုလုပ်နေတာတောင် စိတ်သက်သာရာ မရဘူး ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်နေပါပြီ။

Swesone Media

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

မပေါ့ဆသင့်သော အသေးအဖွဲပြဿနာများ




(၁) နှာခေါင်းသွေးလျှံခြင်း
ပူပြင်းခြောက်သွေ့သော ရာသီ ဥတု၊ မကြာခဏနှပ်ချေးညှစ်ထုတ် ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် နှာခေါင်းသွေးယိုတတ်ပြီး အရေးကြီး သည့်အကြောင်းရင်းမှာ သွေးတိုးခြင်း ကြောင့်လည်းဖြစ်တတ်သည်။ မိမိ သွေးပေါင်ချိန် ၁၂၀/၇၀ mmHg မှ ၁၃၉/၈၉ mmHg အတွင်းရှိနေ လျှင် သွေးတိုးစပြုသည်ဟုယူဆနိုင် ပြီး ၁၄၀/၉၀ နှင့်အထက်ဆိုပါက သွေးပေါင်ထိန်းဆေးများဖြင့် ကုသမှု ခံယူပါ။
(၂) ဒူးကိုက်ခြင်း
ဒူးဆစ်များနာကျင်ကိုက်ခဲနေပါ က လှုပ်ရှားမှုပြင်းထန်ခြင်းကြောင့် ဖြစ်နိုင်သည်။ အကိုက်အခဲပျောက် ဆေးလိမ်းခြင်း၊ ရေခဲကပ်ခြင်းများဖြင့် မသက်သာဘဲ သုံးလကျော်သည်အထိ ကိုက်နေသေးပါက အရိုးဆစ်ရောင်ခြင်း (osteoarthritis) ဖြစ်နိုင်သည်။
(၃) လည်ချောင်းနာခြင်း
သုံးရက်ကျော်သည်အထိ လည် ချောင်းနာမပျောက်သေးဘဲ စကား သံပါ ပျက်လာပါက Streptococcus ပိုးကြောင့်ဖြစ်နိုင်ပြီး မကုဘဲထားပါက သငန်ရည်ကျိတ်များရောင်ခြင်း၊ ပြည် ထွက်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းတို့ ဖြစ်နိုင်သည်။
(၄) အရည်ကြည်ဖု
အပူလောင်ခြင်း၊ ဖိနပ်ပေါက် ခြင်းကြောင့် အရည်ကြည်ဖုထတတ် သည်။ သို့သော် ခြေချောင်းများကြား၌ အရည်ကြည်ဖုပေါက်လျှင် သန့်ရှင်း အောင်ဂရုစိုက်ပါ။ ဘက်တီးရီးယား၊ မှိုနှင့် ကပ်ပါးကောင်များဝင်ရောက် နိုင်သည်။ ခြေဖဝါးတစ်ခုလုံးပိုးပျံ့ပြီး ရောင်ကိုင်းလာတတ်သည်။
(၅) ဝက်ခြံ
ဝက်ခြံပေါက်တာတော်တော် နှင့်မပျောက်လျှင် ဂရုစိုက်ပါ။ လနှင့် ချီပြီးကြာနေတဲ့ဝက်ခြံကို မညှစ်ပါ နှင့်။ basalcell carcinoma လို့ ခေါ်တဲ့ အရေပြားကင်ဆာဟာ ဖြစ် ဖြစ်ချင်းကာလမှာ ဝက်ခြံနှင့်ဆင် တူပါတယ်။ အရေပြားဆရာဝန်နှင့် ပြပြီး စောစောကုလျှင် basal cell carcinoma ဟာ ရောဂါပျောက်ကင်း နိုင်ချေ (၉၅) ရာနှုန်းရှိပါတယ်။

သီဟ
Source:Men'shealth
Health Updates Journal

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Friday, December 19, 2014

အမျိုးသားတွေလည်း လက်သည်းတွေကို ဂရုတစိုက် ညှပ်ရန်လို



မေသော် on 2014-07-22 17:21
အမျိုးသမီးတွေဟာ များသောအားဖြင့် လက်သည်းတွေကို ဂရုတစိုက် ညှပ်တတ်တာ၊ လက်သည်းကို ဂရုစိုက်ပြီး အလှဆင်၊ အလှပြင်တတ်တာ စတာတွေ လုပ်တတ်ပေမယ့် အမျိုးသားတွေကတော့ လက်သည်းရှည်လာပြီဆိုရင် တွေ့ရာ လက်သည်းညှပ်ယူပြီး ညှပ်ပစ်တတ်ကြပါတယ်။ အမှန်တော့ အမျိုးသမီးမှ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း လက်သည်းကျန်းမာရေးအတွက် တတ်နိုင်သလောက် ဂရုစိုက်ရမယ့်အချိန်ပါ။ ဒါဟာ အလှအပထက်စာရင် ကျန်းမာရေးအတွက်လို့ ပိုပြောနိုင်တာမို့ အိမ်မှာပဲ လက်သည်းမညှပ်ခင် ဘယ်လိုဂရုစိုက်ပေးလို့ရတယ် ဆိုတာလေး ပြောပြပေးချင်ပါတယ်။

၁။ လက်ကို hand wash နဲ့ သေချာဆေးကြောသန့်စင်ပါ။

လက်ကို တွေ့ရာဆပ်ပြာနဲ့ကောက်ဆေးမယ့်အစား လက်ဆေးဆပ်ပြာရည်သီးသန့်ထား ဆေးတာက ပိုသင့်တော်ပါတယ်။ ဒါဟာ လက်မှာကပ်ငြိနေတဲ့ ပိုးမွှားတွေကို သန့်စင်ပစ်လိုက်ရာရောက်သလို Hand Wash သီးသန့်ထုတ်ထားတာ မို့ လက်အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင်လည်း ရရှိမှာဖြစ်ပါတယ်။

၂။ လက်သည်းတွေ ပျော့ပျောင်းအောင် လုပ်ပါ။
လက်သည်းတွေ ပျော့ပျောင်းသွားမှသာ လက်သည်းညှပ်ရတာ၊ ပုံသွင်းရတာ အဆင်ပြေမှာပေါ့။ ဒီတော့ ရေနဲ့ဆပ်ပြာရည် နည်းနည်းရောစပ်ထားတဲ့ အရည်ထဲမှာ လက်ချောင်းလေးတွေကို စိမ်ထားပေးပါ။ ဆယ်မိနစ်လောက် စိမ်ထားနိုင်မယ်ဆိုရင်တော့ ဒါဟာ လက်သည်းပုံသွင်းဖို့အတွက် လုံလောက်တဲ့ အချိန်ပမာဏပါပဲ။

၃။လက်သည်းကို သန့်စင်ပါ။

လက်သည်းကြားမှ ဂျီးတွေ ကပ်မနေအောင် လက်သည်းကို သေချာ သန့်ရှင်းရေးလုပ်ပါ။

၎။လက်သည်းညှပ်ပါ။

ကောင်းမွန်တဲ့ လက်သည်းညှပ်နဲ့ လက်သည်းတွေကို လိုသလောက်ညှပ်ပါ။ ညှပ်တဲ့အခါ အရမ်းတိုသွားတဲ့အထိ မညှပ်လိုက်ပါနဲ့။ အနေတော်လောက်သာ ညှပ်ပါ။

၅။တံစဉ်းတိုက်ပေးပါ။

လက်သည်း ညှပ်ပြီးတဲ့အခါ လက်သည်းမှာ အချွန်၊ အစတွေ ကျန်မနေအောင် တံစဉ်းတိုက်ပေးပါ။

၆။moisturizer လိမ်းပေးပါ။

လက်သည်းကျန်းမာရေးအတွက် လက်လိမ်းဖို့ သီးသန့်ထုတ်ထားတဲ့ moisturizer တွေရှိပါတယ်။ အဲ့ဒါတွေ လိမ်းပေးဖို့လိုပါတယ်။

Ref:mensxp.com
Trend Myanmar

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

အမျိုးသားတို့ကို နုပျိုကျန်းမာစေမည့် အချက်များ

အိုမင်းမှုဖြစ်စေတဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို ကာကွယ် ထိန်းချုပ်လို့ ရပါတယ်။ လူတစ်ယောက်က အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် နုပျိုတယ်လို့ ယူဆနေရင် ကြည့်ကောင်း နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသားတိုင်း သိထားသင့်တဲ့ နုပျိုကျန်းမာရေး နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။

နုပျိုစေမည့် နေထိုင်နည်း
အမျိုးသားတွေက မကြာခဏ မျက်မှောင်ကြုတ်လေ့ ရှိတာကြောင့် မျက်ခုံးနှစ်ခုကြား အရေးကြောင်းက ပိုသိသာတတ်ပါတယ်။ လတ်တလော လေ့လာမှုတစ်ခုအရ လူငယ် ၄၇ ဦးကို မျက်မှောင်ကြုတ်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ပိုရင့်ရော်တဲ့ အသွင် ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ဒါကြောင့် မျက်မှောင် မကြုတ်မိအောင် အထူးသတိထားပါ။ ဒါ့အပြင် နေရောင်အောက် သွားတဲ့အခါ မျက်မှောင် မကြုတ်မိစေဖို့ နေကာနိုင်စွမ်း SPF အဆ ၃၀ ပါဝင်တဲ့ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။

အသက်ကြီးလာလျှင် ပိုဂရုစိုက်နည်း

အသက်ကြီးလာတဲ့အခါ ဆဲလ်အသစ် ဖြစ်ပေါ်နှုန်းက နှေးလာပါတယ်။ အသက် ၂၀ အရွယ်မှာ နှစ်ပတ်ကြာတိုင်း အရေပြား အပေါ်ယံလွှာက ကွာကျလေ့ရှိပြီး အသက် ၅၀ အရွယ်မှာ နှစ်ဆလောက် အချိန်ကြာတတ်ပါတယ်။ အရေပြားက ကော်လာဂျင် ဓာတ်ဆုံးရှုံးမှုလည်း ဖြစ်လာတာကြောင့် အရေးကြောင်း၊ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်မှာ ဖြစ်ပေါ်လာတတ်ပါတယ်။ အရေးကြောင်း ထင်တဲ့အခါ သင့်ကို ပိုမိုအိုမင်း ရင့်ရော်စေပါတယ်။ ဒါကြောင့် အိုမင်းမှု တားပေးတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို မှန်မှန် လိမ်းသင့်ပါတယ်။

အမွေးမှန်မှန် ရိတ်ပြီး နုပျိုစေသော နည်း

နံနက်တိုင်း အမွေးရိတ်ပါ။ အမွေး ရိတ်တာကြောင့် ပွတ်သပ်မှုဟာ ကော်လာဂျင် ထွက်နှုန်းကို လှုံ့ဆော်ပေးပြီး အသားအရေ ချောမွေ့စေပါတယ်။ အမျိုးသားတွေက ပုံမှန်အမွေးရိတ်လေ့ ရှိတဲ့အတွက် အမျိုးသမီးတွေထက် အရေးကြောင်း လျော့ပါးနေတာ ဖြစ်ပါတယ်။

ဆံပင်ပုံမှန် ညှပ်ပြီး နုပျိုစေသည့်နည်း

နုပျိုချင်ရင် ဆံသဆရာနဲ့ မိတ်ဆွေ ဖွဲ့ထားပါ။ ဆံပင်စကျွတ်တဲ့ အရွယ်မှာ ဆံပင်တိုတို ညှပ်တာကြောင့် ခေါင်းမှာ ဆံပင်အပြည့်ရှိသလို ထင်ရစေပါတယ်။ ဆံပင်တိုတိုကို ထောင်ထားတဲ့ ပုံစံက ထူထဲတယ်လို့ ထင်ရစေပါတယ်။

နုပျိုစေမည့် အိပ်စက်နည်း

အိပ်ရေးပျက်တာ ကြာလာရင် မျက်နှာက ရင့်ရော်လာပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်မှာ မျက်စိပြင်ပ ကြွက်သားတွေ အလုပ်လုပ်ပြီး တင်းရင်း စေပါတယ်။ အိပ်ရေးပျက်တဲ့အခါ မျက်ကွင်း ညိုတတ်ပါတယ်။ အိပ်မပျော်ရင် ညဘက်မှာ ကာဗိုဟိုက်ဒရိတ်များတဲ့ ညစာ စားပါ။ အိပ်ရာမဝင်ခင် ကာဗိုဟိုက်ဒရိတ် များများစားတဲ့ အမျိုးသားတွေက နှစ်နှစ်ခြိုက်ခြိုက် ကြာရှည် အိပ်ပျော်စေတယ်လို့ လေ့လာမှုအရ သိရပါတယ်။

ကယ်လိုရီ လျှော့စားခြင်းဖြင့် နုပျိုစေသောနည်း

ဂျာမန် လေ့လာမှုတစ်ခုအရ အစာကို နည်းနည်းပဲ စားတာက ကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ကျစေပြီး အသက်ကြီးတဲ့အထိ တွေးခေါ် မြော်မြင်နိုင်စွမ်းကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။

အူလှိုက်သည်းလှိုက် ရယ်မောခြင်းဖြင့် နုပျိုစေသောနည်း

ကလေးတွေနဲ့ လူကြီးတွေအကြား သိသာတဲ့ ခြားနားချက်တစ်ခုက ကလေးတွေက အပူအပင်ကင်းတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု များနေချိန်မှာ ရယ်မောတဲ့နည်းနဲ့ နုပျိုမှုကို အရယူလိုက်ပါ။ အူလှိုက်သည်းလှိုက် ရယ်မောတာကြောင့် စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်းကို ၃၉-၇၀ ရာခိုင်နှုန်း အထိ လျော့ကျစေတယ်လို့ လိုမာလင်ဒါတက္ကသိုလ် လေ့လာသူတွေက ဆိုပါတယ်။ ရယ်မောတာက နှလုံးကိုလည်း ကျန်းမာစေပါတယ်။

ဆန့်ကျင်ဘက် ပြုလုပ်ခြင်းဖြင့် နုပျိုစေသောနည်း

ဦးနှောက်စွမ်းအားဟာ အသက်ကြီးလာချိန်မှာ တဖြည်းဖြည်း ကျဆင်း လာတတ်ပါတယ်။ ဒါကို တွန်းလှန်ချင်ရင် ဆန့်ကျင်ဘက် ပြောင်းလုပ်ပါ။ ဥပမာ- ဥယျာဉ်ခြံမြေထဲမှာ နောက်ပြန် လမ်းလျှောက်တာမျိုး၊ သွားကို မသန်တဲ့လက်နဲ့ တိုက်တာမျိုးတွေကို လုပ်ဆောင်ပေးပါ။ ဒီနည်းလမ်းတွေက ဦးနှောက်ထဲမှာ သွေးစီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး ဦးနှောက်အာရုံကြော ဆက်သွယ်မှုကို အားဖြည့်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် နုပျိုစေသောနည်း

အသက်ကြီးလာချိန်မှာ သွေးခဲဖတ် ပိတ်ဆို့မှုကြောင့် အမျိုးသား လိင်တံရှိ သွေးကြောငယ်တွေထဲမှာ သွေးစီးဆင်းမှုကို ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် အသက် ၄၅ နှစ် အရွယ်မှာ အမျိုးသားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းက လျော့ကျ လာပါတယ်။ ဒီလို မဖြစ်စေဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း မှန်မှန် လုပ်ဆောင်ပေးသင့်ပါတယ်။

အရက် လျှော့သောက်ခြင်းဖြင့် နုပျိုစေသောနည်း

သင့်အသက် ၈၅ နှစ်ပြည့် မွေးနေ့ကို ဆင်နွှဲချင်တယ်ဆိုရင် တစ်နေ့ အယ်လ်ကိုဟော နှစ်ပက်ထက် ပိုမသောက်ပါနဲ့။ အရက်မသောက်တတ်ရင် အကောင်းဆုံးပါ။ တကယ်လို့ သောက်တတ်ရင် ဝိုင်နီကို ရွေးချယ်သင့်ပါတယ်။ ဝိုင်နီမှာ ပါတဲ့ ရက်စ်ဗာရထရောဟာ နာတာရှည်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

နံနက်စာစားပြီး ဝမ်းဗိုက် ချပ်ရပ်စေသောနည်း

ဗိုက်ပူတာက ကြည့်ရဆိုးစေရုံ သာမက အမျိုးသား ပီသမှုကိုလည်း ထိခိုက်စေပါတယ်။ ဟော်မုန်းဗေဒ လေ့လာမှုတစ်ခုအရ အမျိုးသားတွေ ကိုယ်အလေးချိန် ပေါင် ၃၀ ခန့် ပိုများရင် ပုံမှန် ကိုယ်အလေးချိန် ရှိသူတွေထက် တက်စတိုစတီရုန်းအဆင့် သိသိသာသာ လျော့နည်းကြောင်း သိရပါတယ်။ နံနက်စာကို ပရိုတင်း များများရရှိအောင် စားပြီး နေ့လယ်စာနဲ့ ညစာကို လျှော့စားတာကြောင့် ဝမ်းဗိုက် ချပ်ရပ်စေပါတယ်။

ကြွက်သား သန်စွမ်းစေခြင်းဖြင့် နုပျိုစေသောနည်း

ကြွက်သားတွေကို မသုံးရင် ဆုံးရှုံးရပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သား တည်ဆောက်မှု မလုပ်ရင် အဆီနဲ့ အစားထိုးပြီး ကြာလာတဲ့အခါ ခါးနဲ့ဗိုက်က ပူဖောင်းတစ်လုံးလို ဖြစ်လာပါလိမ့်မယ်။ ကြွက်သား သန်စွမ်းစေဖို့ အလေးမတာအပြင် ဟင်းနုနယ်ရွက်ကို များများစားပါ။ ဟင်းနုနယ်ရွက်မှာ ဗီတာမင်ကေ၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ်တွေ ပါဝင်တာကြောင့် အရိုးပါးရောဂါ မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

နှလုံးကျန်းမာစေရန် လှုပ်ရှားခြင်းဖြင့် နုပျိုစေသောနည်း

နုပျိုချင်ရင် နှလုံးကို သန်စွမ်းအောင် ပြေးတာ၊ စက်ဘီးစီးတာ တို့လို လေ့ကျင့်ခန်းတွေကို လုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကြောင့် နှလုံးက ပုံမှန် အလုပ်လုပ်နိုင်ပြီး ခန္ဓာကိုယ်က အောက်ဆီဂျင်ကို ကောင်းကောင်း ရယူပြီး အသုံးပြုနိုင်ပါလိမ့်မယ်။

.
Good Health

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

အရွယ်တင်ချင်သော အမျိုးသားများ အတွက်



သက်တူရွယ်တူ အပေါင်းအသင်းတွေနဲ့ ယှဉ်လိုက်ချိန်မှာ သင်က အသက်ပိုကြီးတယ်လို့ သူများတွေ မထင်စေဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာပေးဖို့ လိုပါတယ်။

အိပ်ရေးပျက်မခံပါနှင့်

အမျိုးသားအများစုဟာ အိပ်ချိန်နည်းတတ်ကြပါတယ်။ တချို့တွေက အရမ်းနောက်ကျမှ အိပ်ရာဝင်တတ်ကြပြီး မနက်ပိုင်းမှာ အိပ်ရာထ နောက်ကျတတ်ပါတယ်။ အိပ်စက်မှု ပုံစံ မှန်ကန်မှု မရှိတာကလည်း သင့်အရေပြားက ဆဲလ်တွေကို လျော့တွဲစေပြီး အရေးအကြောင်း တွေ ဖြစ်စေပါတယ်။ တစ်နေ့ကို ပျမ်းမျှ ရှစ်နာရီ လောက် အိပ်စက်ဖို့ လိုပြီး အိပ်ရာဝင်ပြီးလို့ မိနစ် ၂၀ လောက်မှ အိပ်ပျော်ပါစေ။

ဆေးလိပ်ရှောင်ပါ

ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိသူတွေဟာ ဆေးလိပ်မသောက်တတ်တဲ့သူတွေ ထက်ပိုပြီး ရင့်တတ်ကြပါတယ်။ ဆေးလိပ်သောက်သူတွေဟာ အသက်အရွယ် တူပေမယ့် ၁၀နှစ်လောက် ကွာနေတယ်လို့ ထင်ရစေပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေမှာ အရေပြား ပေါ်မှာ အရေးအကြောင်းတွေနဲ့ လိုင်းတွေပေါ်လာတတ်ပြီး အရေပြားလည်း ခြောက်သွေ့နေတတ်ပါတယ်။

အမွှေးရိတ်ချိန် သတိထားပါ

အမျိုးသားတိုင်း မုတ်ဆိတ်မွေးနဲ့ ပါးသိုင်းမွေးတွေကို ရိတ်တတ်ကြပါတယ်။ သတိထားရမှာက အမွေးမရိတ်ခင် အချိန်မှာ ခရင်မ်တစ်မျိုးသုံးပေးပြီး အရေပြား ထိခိုက်မှုကို ကာကွယ်ပါ။ အမွေးရိတ်ပြီးချိန်မှာလည်း ရေနွေးနွေးနဲ့ သန့်စင်ပေးပြီး ရေဓါတ်ပါဝင်တဲ့ တိုနာ ဒါမှမဟုတ် ဖောင်ဒေးရှင်းခရင်မ် တစ်မျိုး သုံးပေးပါ။

အရက်ကို ကန့်သတ်ပါ

အရက်သောက်တာက သွေးကြောတွေကို လိုအပ်တာထက် ပိုကျယ်ပြီး သွေးလည်ပတ်စီးဆင်းစေပါတယ်။ အရက်ကို တစ်နေ့နှစ်ပက် ထက်ပိုသောက်တဲ့သူတွေက အရက်ကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကို ခံစားကြရပြီး အိုစာတတ်ကြပါတယ်။ အသားအရေ ကြည်လင်မှု မရှိဘဲ ပွယောင်းယောင်းဖြစ်ကာ ချွေးထွက်များပြီး ကိုယ်နံ့လည်း မကောင်းတတ်ကြပါဘူး။

လေ့ကျင့်ခန်းလုပ်ပါ

ကြွက်သားများ သန်မာစေမယ့် လေ့ကျင့်ခန်းတွေက အမျိုးသားတွေနဲ့ အသင့်တော်ဆုံးပါပဲ။ နေ့စဉ် လေ့ကျင့်ခန်းပုံမှန် ပြုလုပ်တာကြောင့် ကျန်းမာတဲ့ နေထိုင်မှု ပုံစံအပြင် ကောင်းမွန်တဲ့ အရေပြားကိုလည်း ပိုင်ဆိုင်နိုင်တာ ကြောင့် သင့်ကို နုပျိုစေပါတယ်။

တစ်ပတ်နှစ်ကြိမ် သန့်စင်ပါ

တစ်ပတ်ကို နှစ်ကြိမ်လောက် နို့်ပါဝင်တဲ့ ကြေးချွှတ်ဆေးကို အသုံးပြုပြီး သန့်စင်ပေးတာက သင့်အရေပြားဆဲလ်တွေကို ရှင်းသန့်စေပြီး ဆဲလ်အသေတွေကို လည်း သန့်စင်ပြီးသား ဖြစ်စေတာကြောင့် အိုမင်းမှုကို ဟန့်တားနိုင်ပါလိမ့်မယ်။

အနှိပ်ခံပါ

တစ်ပတ်မှာ တစ်ကြိမ်လောက် ပုံမှန် အနှိပ်ခံတာက သွေးလည်ပတ်မှုကို ကောင်းစေပြီး စိတ်ကြည်လင် လန်းဆန်းစေကာ ဖိစီးမှုတွေကို ကင်းစေပါတယ်။ တစ်နေ့တာ လုပ်ငန်းတွေ ပြီးချိန်မှာ အေးချမ်းတဲ့ ပတ်ဝန်းကျင် မျိုးမှာ အနှိပ်ခံပြီးမှ ရေချိုးပေးတာက စိတ်ကို ကြည်လင်စေပြီး ဖိစီးမှု ကင်းတာကြောင့် နုပျိုစေပါတယ်။

အစိမ်းရောင်မှီဝဲပါ

နေ့စဉ် အစားအစာတွေထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပါဝင်အောင် စားပေးပါ။ အမျိုးသား အများစုက ဟင်းရွက်တွေကို မကြိုက်တတ်ပါဘူး။ ဟင်းရွက်တွေကို ပိုစားမိစေဖို့ အသုတ်လုပ်စားတာမျိုး၊ ဟင်းချိုလုပ်ပြီး သောက်တာမျိုး၊ ထမင်းစားပြီးချိန်နဲ့ သရေစာစားချိန်မှာ အသီးအနှံ စားတာမျိုးကို လေ့ကျင့်ယူပါ

နေရောင်ကို ရှောင်ပါ

နေရောင်ခြည်ဟာ အရေပြားကို အမှန်တကယ် ပျက်စီးစေတဲ့ အနှောင့်အယှက်ပါပဲ။ နေရောင်ခြည်အောက်မှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေက အအေးခန်းထဲမှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေထက် ပိုပြီး အိုစာတတ်ကြပါတယ်။ နေရောင်ကို အတတ်နိုင်ဆုံး ကာကွယ်ပါ။

ရေများများ သောက်ပါ

အမျိုးသားတွေက အရက်နဲ့ ဘီယာလောက် ရေကို မသောက်တတ်ကြပါဘူး။ ရေသောက်နည်းတာက သင့်အရေပြားကို ခြောက်သွေ့စေတဲ့အပြင် လန်းဆန်းမှု လည်း မရှိဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တစ်နေ့ရေကို ရှစ်ခွက်လောက်တော့ အနည်းဆုံးသောက်ပါ။

World-Myanmar News (world-myanmar.com)

လမင်းလေး

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။