Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း
Showing posts with label စိတ်ခွန်အားဖြည့်. Show all posts
Showing posts with label စိတ်ခွန်အားဖြည့်. Show all posts

Saturday, December 20, 2014

အတုယူအားကျစရာကောင်းသော အောင်မြင်ကျော်ကြားသူများ၏ ဘ၀များ



အမှန်တကယ် အလေးအနက်ထားပြီးအောင်မြင်ချင်သူများအတွက် အကောင်းဆုံးသောနည်းလမ်းတခုမှာ
အောင်မြင်ကျော်ကြားသူများ၏ ဘ၀ဖြတ်သန်းပုံများကိုလေ့လာသင်ယူပြီး လက်တွေ့ကျကျအကောင်အထည်ဖော် ရန်ဖြစ်သည်။

အောင်မြင်လိုသောစိတ်ရှိသူတော်တော်များလည်း ဘ၀တွင်ကျရှုံးမှုများ ကြုံတွေ့ရလေ့ရှိတတ်ကြပါတယ်။ အဘယ်ကြောင့်ဆိုသော် အောင်မြင်သူများ၏သာယာလှပသော ဘ၀ကိုသာမြင်တွေ့ကြတတ်ပြီး လက်ရှိဘ၀ကို ရောက်ဖို့ ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ရလည်းဆိုတာ မမြင်နိုင်၊မသိနိုင်ခဲ့ကြလို့ပါ။

အောင်မြင်သော သူများ၏ ဘ၀ဖြတ်သန်းပုံကိုသိရှိခြင်းအားဖြင့် သင်လည်းပဲဘယ်လိုအတုယူကျော်ဖြတ်နိုင်မလဲ သင့်အတွက်ကောဘယ်လိုအခွင့်အရေးတွေရရှိပြီး ပန်းတိုင်ကိုရောက်ဖို့ဘယ်လိုလျှောက်လမ်းရမလဲဆိုတာ သင်ခန်းစာယူနိုင်မှာပါ။

ကျွန်တော်ဝေမျှလိုသော အကြောင်းအရာလေးကတော့ အောင်မြင်ကျော်ကြားသူများ၏ အတိုချုန်းထားတဲ့ဘ၀သင်ခန်းစာလေးတွေပါ။ အခက်အခဲတွေကိုကျော်ဖြတ်ပြီး အများလေးစားဂုဏ်ယူတဲ့ဘ၀ကိုရောက်ရှိခဲ့ပုံလေးပေါ့။

Soichiro Honda – ဟွန်ဒါကုမ္ပဏီကိုတည်ထောင်ထားသူပေါ့။ ဟွန်ဒါလို့ဆိုလိုက်တာနဲ့ မသိသူမရှိလောက်ဖြစ်တဲ့ကမ္ဘာကျော်ကားအမျိုးအစားပါ။ တချိန်ကဟွန်ဒါ မတည်ထောင်ခင် တိုယိုတာကားကုမ္ပဏီမှာဝန်ထမ်းအဖြစ်အလုပ်လျှောက်စဉ် မိမိနှင့်သင့်တော်သောနေရာမရှိဟု အငြင်းခံလိုက်ရသူတဦးဖြစ်ခဲ့ပါတယ်။ စိတ်ဓာတ်မကျတဲ့အပြင် မခံချင်စိတ်ဖြင့်ကြိုးစားသဖြင့်ယခုအချိန်မှာ တိုယိုတာနှင့်အပြိုင်ကုမ္ပဏီတခုအဖြစ် ရပ်တည်နေနိုင်ပါပြီ။ သင်လည်းပဲဘယ်လိုပဲအငြင်းခံရပါစေ သင်ရောက်လိုသော ပန်းတိုင်ကို ရောက်အောင်သွားပါ။

Stephen King- နာမည်ကြီးစာရေးဆရာတဦးလို့ လူသိများတဲ့စတီဗင်ကင်းဟာဆိုရင်လည်းပဲ ပထမဦးဆုံးဝတ္တုကိုဖြန့်ချီရန်ကြိုးစားရာတွင်ဘယ်လိုမှ အစဉ်မပြေခဲ့ပဲ အမှိုက်ပုန်းထဲအထိမိမိစာအုပ်ကိုစွန့်ပစ်ခဲ့ပြီး ဇနီးမယား၏ အားပေး၊တိုက်တွန်းမှုဖြင့် အမှိုက်ပုန်းထဲကပြန်လည်ကောက်ယူ
ကာနောက်တကြိမ်ဖြန့်ချီရန် ကြိုးစားရာမှ အစပြုကာအောင်မြင်ကျော်ကြားသူ တဦးဖြစ်လာခဲ့သည်။ သင်ခန်းစာအနေဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်ပါ ဘယ်သူမှလက်မခံသေးခင်ကာလမှာ စိတ်ရှည်၊ဇွဲရှိစွာကိုယ်သွားလိုသော ခရီးကိုရောက်အောင်သွားပါ။

Thomas Edison- သောမတ်စ်အဲဒီစင် လို့ဆိုလိုက်ရင်တော့လူအများသိပြီးတဲ့အတိုင်း မီးသီးတလုံးထွန်းလင်းဖို့အတွက် မီးသီးပေါင်း ၉၉၉လုံးကိုအရင်စမ်းသပ်ခဲ့ရာ မအောင်မြင်သေးပဲ အလုံးတထောင်ရောက်မှပင်အောင်မြင်စွာတည်ထွင်နိုင်ခဲ့တာပါ။ မဆုတ်မနစ်ကြိုးပမ်းမှုအတွက် အံအားသင့်စရာကောင်းပေမယ့် သူ့ရဲ့တုံ့ပြန်မှုကတော့ မအောင်မြင်ခဲ့သောမီးသီးတလုံးကိုစမ်းသပ်တိုင်းဒါဟာနည်းလမ်းအမှန်မဟုတ် မီးသီး မီးထွန်းလို့ရတဲ့အထိထပ်ကာတလဲလဲ ကြိုးစားခဲ့သူ တဦးဖြစ်သည်။ သင်လည်းပဲ ဘ၀တွင်ဘယ်လိုကျရှုံးမှုများစွာကြုံတွေ့နေပါစေ သောမတ်စ်အဲဒီစင်ရဲ့ ဘ၀သင်ခန်းစာကိုယူက သင်လိုချင်သောဘ၀မျိုးဖြစ်အောင် ကြိုးစားပါ။

Oprah Winfrey- ကမ္ဘာ့အချမ်းအသာဆုံး အမျိုးသမီးတွေထဲကတဦးဖြစ်တဲ့ ရုပ်သံတင်ဆက်သူ အိုပရာဟာ ဆိုရင်လည်းပဲသူမရဲ့ဘ၀ ယခုလိုမဖြစ်ခင်စဉ်က အလုပ်မှတကြိမ်အထုတ်ခံရဖူးပြီး ရုပ်သံလောကကိုဝင်စ က သူမနဲ့ မကိုက်ညီနိုင်ဟုအပြောခံခဲ့ရဖူးသူဖြစ်သည်။ သူမလည်းမည်သို့သောအခါကမျှအရှုံးသမားလို့ မခံယူပဲရုန်းကန်ကြိုးစားရာမှ ယခုလိုအများအထင်ကြီးလေးစားရတဲ့လူတဦးအဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။

Bill Gates – ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် မိုက်ကရိုဆော့ဖ်ကို တည်ထောင်သူဘေးလ်ဂိတ်ဟာဆိုရင်လည်း တချိန်ကအခြားကုမ္ပဏီတခုမှာပရောဂျက်တခုအ
တွက်၎င်း၏အိုင်ဒီယာကိုအဆိုတင်သွင်းရာ အငြင်းခံခဲ့ရဖူးပါတယ်။ သူလည်းပဲလူတကာအထင်ကြီးလေးစားတဲ့ ဘေးလ်ဂိတ်ဖြစ်လာပြီ မဟုတ်ပါလော။

ထိုအောင်မြင်ကျော်ကြားသူများရဲ့ ဘ၀သင်ခန်းစာများကိုအမိအရ ရယူပြီး သင့်ဘ၀အတွက် အကျိုးရှိအောင် လက်တွေ့အသုံးချနိုင်မယ်ဆိုရင် သင်လည်းပဲ သင်လိုချင်သော အောင်မြင်သောဘ၀ကိုပိုင်ဆိုင်နိုင်မှာပါ။

ကျွန်တော်အတွက်တော့ဘ၀သင်ခန်းစာများအဖြစ်ရရှိလိုက်တာကတော့……………….

၁) အငြင်းခံရခြင်းများစွာရှိခဲ့သော် ကိုယ့်ဘ၀အတွက်အရှုံးသမားအဖြင့်မခံယူရန်
၂) ရှုံးနိမ့်ခဲ့ဖူးခြင်းကို ပြသနာတခုဟု မထင်မှတ်ရန်
၃) ကိုယ့်ကိုလက်မခံသူများဟာ ကိုယ့်အကြောင်းကိုမသိသောသူများအဖြစ်သာ မှတ်ယူရန်
၎) ဘယ်သူလက်ခံခံ မခံခံ ကိုယ့်ကိုကိုယ် ယုံကြည်မှုအမြဲတမ်းရှိရန်

ဘ၀တွင်ဘယ်လိုပင်ခက်ခဲကြမ်းတမ်းပါစေ မလျှော့သောဇွဲဖြင့်ပန်းတိုင်ကိုအရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။

Ref: M.Farouk Radwan, MSc

Mr. Guy
World Myanmar (world-myanmar.com)

Mr. Guy ရေးသားသောဆောင်းပါးများနှင့်ပတ်သတ်၍ အကြံပေး ဆွေးနွေးလိုသူများ အောက်ပါလင့်ခ်တွင်တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း အသိပေးလိုပါတယ်။

https://www.facebook.com/profile.php?id=100005524216303&fref=ts

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Friday, December 19, 2014

ပျော်အောင်နေနည်း အနုပညာ - ၂

အခုတင်ပြမှာက ကိုယ်ကျင့်တရားနဲ့ ပျော်ရွှင်ခြင်းအကြောင်း ဖြစ်ပါတယ်။

ရုတ်တရက်ကြည့်မယ်ဆိုရင် ဒီနှစ်ခုဟာ အင်မတန်ကွာလှမ်းလှတဲ့ အဆက်အစပ်လို့ ထင်စရာရှိပါတယ်။

ကိုယ်ကျင့်တရား နဲ့ ပျော်ရွှင်ခြင်း။

ဆိုင်လို့လာ? ဒီလို မေးစရာရှိတယ်။

ကိုယ်ကျင့်တရားမကောင်းသူတစ်ယောက်ရဲ့ ရယ်မောသံကိုလည်း သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။

ဟိုတစ်ခေါက် Post တုန်းက ...

ကိုယ်ကျင့်တရားကောင်းတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ထားမြင့်မြတ်ခြင်းကပဲ ပျော်ရွှင်ခြင်းဖြစ်တယ် ... လို့ ကျနော်ရေးခဲ့တယ်။

အဲဒီတုန်းကပဲ ပျော်ရွှင်ခြင်းအကြောင်း ဒဿနပညာရှင်တွေရဲ့ အယူအဆတွေကို တင်ပြခဲ့တဲ့အခါ ဝေဖန်မှုအချို့လည်း ကြုံရပါတယ်။

ဒီနေရာမှာ တစ်ခုလေးတော့ သတိပြုစရာရှိပါလိမ့်မယ်။

ပျော်ရွှင်ခြင်းဆိုတာကို အရပ်သုံးအခေါ်အဝေါ် သတ်မှတ်ချက်နဲ့ ဒဿနိကဗေဒပညာရှင်တွေရဲ့ အခေါ်အဝေါ်သတ်မှတ်ချက် ကွာခြားပါ လိမ့်မယ်။ ယေဘုယျအမြင်အရသာ ပြောမယ်ဆိုရင် ရယ်မောနေတာကိုတွေ့တာနဲ့ သူ ပျော်နေတယ်လို့ သတ်မှတ်ရမလိုပါပဲ။ ဒီလိုသာဆို လောကကြီးမှာ ပျော်ရွှင်ချမ်းမြေ့မှုကို အပေးနိုင်ဆုံး လူသားတွေအဖြစ် လူရွှင်တော်တွေကို ဆုချီးမြှင့်ရပါလိမ့်မယ်။



တကယ်တော့ သူတို့ပေးတာ ရယ်မောခြင်းဖြစ်ပါတယ်။ ပျော်ရွှင်ခြင်းမဟုတ်ပါ။ (ဒါတောင် ပုဂ္ဂိုလ်၊ သတ္တ၀ါ စိတ်အခံအလိုက် ရယ်မောရခြင်း ရှိမရှိ ကွာခြားပါလိမ့်မယ်။) ပိုပြီးရှင်းသွားအောင် ပျော်ရွှင်ချမ်းမြေ့ခြင်းလို့ သုံးနှုန်းရလိမ့်မယ် ထင်ရဲ့။ ပျော်ရွှင်ခြင်းနဲ့ ချမ်းမြေ့ခြင်းက ဆက်စပ်နေတာကိုး။



သင့်စိတ်ကသာ အသင့်မဖြစ်ခဲ့ရင် လောကထဲက ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်ကို ပျော်ရွှင်ချမ်းမြေ့ခြင်း ပေးလို့ မရပါ။ ဒီလိုပါပဲ၊ သင့်စိတ်ကို ထားနိုင်ခဲ့ရင်လဲ လောကထဲက ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင်မပျော်အောင် တားလို့မရပါ။



ကမူးရဲ့ နာမည်ကျော် စစ်စီးဖတ် ဒဏ္ဍာရီကို ကြားဖူးကြမယ် ထင်ပါတယ်။

စစ်စီးဖတ်ဆိုတာက ... ဘုရားသခင်အပြစ်ပေးခြင်းကို ခံခဲ့ရသူ တစ်ယောက်။

သူ့ကို ချမှတ်ထားတဲ့ အပြစ်ဒါဏ်က လေးလံလှတဲ့ ကျောက်တုံးကြီးတစ်တုံးကို တောင်အမြင့်ကြီးဆီ တွန်းတင်ရခြင်းပါ။

အဲဒါကို တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်။ ကာလ အကန့်အသတ်မရှိ လုပ်ဆောင်ရတာ။



ပင်ပန်းကြီးစွာနဲ့ ကျောက်တုံးကြီး တောင်ပေါ်တွန်းတင်ရတယ်။ တောင်ထိပ်ရောက်တော့ ပြန်လျှောကျသွားပြန်တယ်။ အဲဒါနဲ့ တောင်အောက်ပြန်ဆင်း နောက်တစ်ခေါက် ပြန်တွန်းတင်ရပြန်တယ်။ ဒါကိုကပဲ စစ်စီးဖတ်ရဲ့ အလုပ်ဖြစ်ပါတယ်တဲ့။

တနည်းပြောရရင် စစ်စီးဖတ်ခံရတဲ့ ၀ဋ်ဒုက္ခပေါ့လေ။



ဆန်းတာက အဲဒီစာအုပ်မှာ ကမူးဟာ မအပ်မရာ မေးခွန်းတစ်ခုမေးထားတယ်။

စစ်စီးဖတ် ပျော်ပါရဲ့လား ... တဲ့။

ခင်ဗျားတို့ ဘယ်လိုဖြေကြမလဲ?



သာမန်အမြင်အရဆိုရင်တော့ ရူးနေလားလို့ ပြန်ပြောမိလိမ့်မယ် ထင်ပါတယ်။ အဲဒီလို အခြေအနေမှာ အဲဒီလို မေးခွန်းမေးစရာလား? ဒါကို ဘယ်လိုပျော်ရမလဲ ... စသဖြင့် လူပိန်းအမြင်မျိုး ကျနော်တို့ မြင်မိကြပါလိမ့်မယ်။

ဟုတ်ကဲ့။ ကမူးကတော့ သူ့မေးခွန်းသူ မဖွယ်မရာ ပြန်ဖြေပေးထားတယ်။

စစ်စီးဖတ် ပျော်ပါတယ်တဲ့။



ယန်းပေါ့ဆာ့တ်ကလည်း ပြောဘူးတယ်။

ဂျာမန်နာဇီတွေ (ပြင်သစ်ကို) အသိမ်းခံထားရတဲ့အောက်မှာ နေခဲ့ရစဉ်ကဘ၀ကို အပျော်ဆုံးတဲ့။



တစ်ခါ နာဇီ ငရဲခန်းထဲရောက်ခဲ့ရတဲ့ ဂျူးတွေ ပြန်ပြောကြတော့ ငရဲခန်းထဲမှာတုန်းကလည်း ပျော်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့တယ်တဲ့။



ဒီတော့ ပျော်ရွှင်ခြင်းဆိုတာ သာမန်အမြင်နဲ့ ချဉ်းကပ်လို့ မရတဲ့အရာမှန်း မြင်သာလောက်ပါပြီ။



ကျနော်ပြောချင်တာ ဗဟိဒ္ဓအကြောင်းအရာတွေ မဟုတ်ပါ။ ပျော်ရွှင်ချမ်းမြေ့ခြင်းအစစ်အမှန်ကို ဘယ်လိုရှာရမလဲ ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့တွေးခေါ်ရှင်ကြီးတွေရဲ့ အတွေးအမြင်ကို ထုတ်နုတ်ဖော်ပြရခြင်းပါ။

ပျော်ရွှင်ခြင်းအစစ်အမှန်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကို ချဉ်းကပ်နိုင်ပါမှလည်း ပျော်ရွှင်ခြင်းအစစ်အမှန်ဆီ ချဉ်းကပ်နိုင်ပါလိမ့်မယ်။



ပျော်ရွှင်ခြင်း အစစ်အမှန်ရဖို့အတွက် ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရားရှိဖို့လည်း လိုအပ်တယ်။ ဒီအကြောင်း မြင်သာသွားအောင် စိတ်ပညာ စာအုပ်ထဲက ကောက်နုတ်ချက်လေးတစ်ခုကို ဖော်ပြချင်ပါတယ်။



The inner mind may act itself up as Judge, prosecutor, and jailer. Self punishment comes only from within directed by the Subconscious mind.

အတွင်းစိတ်ဟာ တရားသူကြီးလို ထောင်မှူးလို ဆွဲချလို ဆောင်ရွက်တတ်တယ်။ ကိုယ့်အတွင်းစိတ်က ကိုယ့်ကိုယ်ကို အပြစ်ပေးတတ်တယ် ... တဲ့။



တနည်းပြောရရင် ဘယ်သူမပြု မိမိမှုဆိုတာလိုပါပဲ။

လူဆိုတာ ကိုယ့်အကြောင်းကိုယ်အသိဆုံးပါ။ မဟုတ်မတရားတာ လုပ်ဆောင်ထားတဲ့ ကိုယ်ကျင့်တရား ညံ့ဖျင်းသူဆိုရင် သူ့အတွင်းစိတ်က သူ့ကို ခြောက်လှန့်နေပါလိမ့်မယ်။

ဘယ်သူကမှ သူ့ကို အပြစ်ပေးစရာမလိုဘဲ သူ့ကိုယ်သူ အပြစ်ရှိမှန်းသိနေတဲ့စိတ်ကတင် တော်တော်ခံစားနေရပါလိမ့်မယ်။

ဒီတော့ သူ ဘယ်ပျော်နိုင်ပါတော့မလဲ။



ဒီသဘောတရားကို စိတ်ပညာအရဆို Mascohism လို့ ခေါ်ပါတယ်။

[Mascohism ဆိုတဲ့ ဝေါဟာရဟာ အတော်တော့ ကျယ်ပြန့်ပါတယ်။ တစ်ချို့တွေ ကိုယ့်ကိုယ်ကို ကြာပွတ်နဲ့ ရိုက်ပြီး အပြစ်ဖြေခြင်းလိုမျိုးကလည်း ဒီထဲမှာပါတယ်လို့ ပြောနိုင်ပါလိမ့်မယ်။ နောက်အလျဉ်းသင့်မှ အဲဒီအကြောင်းသီးခြား တင်ပြပါ့မယ်။ အခုက ယေဘုယျသဘော ခြုံငုံပြောလိုက်တာပါ]



ဒါကြောင့်လဲ ပျော်ရွှင်ချမ်းမြေ့ခြင်းနဲ့ ကိုယ်ကျင့်တရားကောင်းမြတ်ခြင်းဟာ ဆက်စပ်နေတယ်လို့ ပြောရခြင်းပါ။



ကိုယ်ကျင့်တရားကောင်းမြတ်သူဟာ စိတ်သန့်တယ်။ တစ်ချိန် ဘ၀နေ၀င်ချိန်ရောက်လို့ အိပ်ရာညောင်စောင်းထက် လဲလျောင်းရင်း သေမင်းရဲ့ အရိပ်မည်းကြီး ကိုယ့်အပေါ်တရွှေ့ရွှေ့ လွမ်းခြုံလာတာကို စောင့်ဆိုင်းနေရခိုက်မှာ ဘ၀တလျောက် ငါတရားမျှတခဲ့ပါလား ဒီဘ၀မှာ ပျော်ပျော်နေပြီး အခု ဒီဘ၀ကနေ ပျော်ပျော်ထွက်သွားရတော့မှာပါလားဆိုတဲ့ အတွေးဟာ အင်မတန် လူဖြစ်ရကျိုးနပ်စေတဲ့အတွေးပဲ ဖြစ်ပါလိမ့်မယ်။



ဒီလိုမှ မဟုတ်ပဲ။ ရေပွက်ပမာ လူ့ဘ၀ ခဏတာလေးအတွင်း ဥစ္စာစည်းစိမ်အတွက်၊ ရာထူး အာဏာအတွက်၊ လိုဘ မပြေနိုင်ခြင်းတွေအတွက် တပါးသူရဲ့ မျက်ရည်တွေ၊ ငိုသံ နာကျင်မြည်တမ်းသံတွေ ဒင်းကြမ်းနဲ့ ဖြတ်သန်းခဲ့သူဆိုရင်တော့ ဘ၀နေ၀င်ချိန်ဟာ ဘယ်လိုမှ လှပလိမ့်မယ် မဟုတ်ပါ။



အဲဒီလို သေအံ့မူးမူးအချိန်မှာတင်မက ရှင်သန်ဆဲကာလအတွင်းမှာလဲ ကိုယ်လုပ်မိတဲ့အပြစ်တွေအတွက် စိတ်သန့်သန့်နေနိုင်ဖို့ဆိုတာ ဖြစ်နိုင်လိမ့်မယ် မဟုတ်ပါ။ အဲဒါကြောင့်ပဲ သင်ပြုသောကံ သင်၏ထံ အမှန်ပြန်၍လာလိမ့်မည်လို့ သုံးနှုန်းကြတာ ဖြစ်ပါလိမ့်မယ်။



တကယ်တော့ ကာလအနေနဲ့ကြည့်ရင် လူ့ဘ၀ဆိုတာ ခဏကလေးပါ။

စကြ၀ဠာကြီးထဲက ကြည့်ရင် ကမ္ဘာဆိုတာ အလုံးငယ်ကလေးမျှသာ။

လူသားဆိုတာကတော့ အဲဒီအလုံးငယ်လေးပေါ်မှာ စွန်းထင်းနေတဲ့ လှုပ်လှုပ်ရွရွ အစက်အပျောက်ကလေးတွေ။

အဲဒီ သေးသေးမွှားမွှား အဖြစ်ကလေးကို ရတာချင်းအတူတူ ဘာလို့များ လူသားချင်း ရက်စက်ကြမ်းကြုတ်မှုတွေ၊ မဟုတ်မတရား ပြုကျင့်မှုတွေ လုပ်နေကြမလဲ?



သူများအတွက်မဟုတ်တောင် ကိုယ့်အတွက်ကိုယ် မျှတအေးချမ်းစွာ နေခြင်းဖြင့် ကိုယ်ကျင့်တရားကောင်းမြတ်မှုကနေ ဘ၀ရဲ့ အနှစ်သာရပြည့်ဝသော ပျော်ရွှင်ချမ်းမြေ့ခြင်းကို ရှာတွေ့နိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ရပါတယ်။



သွန်းနေစိုး Thorn Nay Soe

မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>

Wednesday, December 17, 2014

ပျော်အောင်နေနည်း အနုပညာ - ၁

ပျော်ရွှင်ခြင်းဆိုတာဘာလဲ?
လူတွေဟာ ပျော်ရွှင်ခြင်းဆိုတဲ့အရာတစ်ခုနောက်ကို မွေးကတည်းကနေ ကောက်ကောက်ပါအောင်လိုက်ခဲ့ကြတယ်။

နေပျော်တဲ့ဘ၀တစ်ခုကို ရွေးချယ်နိုင်ဖို့ရာ မျှော်လင့်ဆုတောင်းရတာတွေ၊ ပေးဆပ်စွန့်စားရတာတွေ၊ ကြိုးပမ်းအားထုတ်ရတာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ သေချာအောင် ထပ်မေးချင်တယ်။
ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ။

ဘီယာကြော်ငြာတစ်ခုမှာပါတဲ့ သီချင်းကတော့ ရိုးရှင်းသောဘ၀ရဲ့ ပျော်ရွှင်မှုတဲ့။ ဟုတ်သလား? ဘီယာသောက်ရင် ပျော်ရွှင်ခြင်း အစစ်အမှန်ကို ရသလား။
တစ်ချို့ကတော့ ခပ်ရှင်းရှင်းပြောကြတယ်။ ပိုက်ဆံသာရှိရင် ပျော်မှာပဲ ... တဲ့။ ဒါပေမဲ့ ပိုက်ဆံက လုပ်မပေးနိုင်တဲ့အရာတွေ အများကြီးရှိပါသေးတယ်။
လင်ခရူဆာကြီးနဲ့ သေဌေးကြီးကလည်း စိတ်ညစ်လိုက်တာလို့ ငြီးတယ်။ ဘတ်စ်စကားတိုးစီးဖို့ မှတ်တိုင်မှာစောင့်နေရတဲ့ စာရေးလေးကလည်း စိတ်မပျော်ဘူးတဲ့။

မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာမှာတော့ သုခဆိုတာလည်း ဝေဒနာပါပဲ။ သုခဝေဒနာတဲ့။

တစ်ချို့ကတော ပြောတတ်ကြတယ်။ ကလေးငယ်တွေရဲ့ ဘ၀ဟာ ပျော်စရာအကောင်းဆုံးတဲ့။ ဒါဆို လူလားမြောက်လာရခြင်းကပဲ ပျော်ရွှင်မှုအတွက် ဆန့်ကျင်ဘက် ကျိန်စာတစ်ခုလို ဖြစ်နေတော့တာပေါ့။

ဒါပေမဲ့ မထော်မနှမ်းမေးခွန်းတစ်ခု မေးမယ်။ ကလေးတွေကို ပျော်တယ်လို့ ဘယ်သူပြောသလဲ?

ဟာ အမြင်သာကြီးပဲလေ ကလေးတွေဆိုတာ ရယ်မောလွယ်ကြတာပဲ။ လွတ်လပ်အပြစ်ကင်းကြတာပဲလို့ ဖြေကောင်းဖြေပါလိမ့်မယ်။ သူရူးတွေလဲ ရယ်မောလွယ်ကြတာပါပဲ။ သူတို့ကိုရော ပျော်တယ်လို့ ပြောနိုင်ပါသလား။

ပျော်ရွှင်ခြင်းနဲ့ နီးစပ်ဖို့ သူရူးတစ်ယောက်လို ဦးဏှောက်၊ ကလေးတစ်ယောက်လို မရင့်ကျက်မှုဆီ ပြန်သွားရမယ်လို့ ထင်ပါသလား?

ဒါဆို ပျော်ရွှင်ခြင်းဆိုတာ မပြည့်ဝခြင်းနဲ့ ဆက်စပ်နေတယ်လို့ ထင်စရာပါပဲ။

ပန်းခြံထဲ ရယ်သံတွေ အပြည့်နဲ့ ခုန်ပေါက် ဆော့ကစားနေတဲ့ကလေးငယ်တစ်ယောက်ကို ငေးကြည့်ရင်း ကျနော်တို့တွေ ငိုချင်းချရတော့မလိုပါပဲ။

အခုတင်ပြမှာက ပြည့်ဝတဲ့ပျော်ရွှင်ခြင်း ဖြစ်ပါတယ်။

အရစ္စတိုတယ်ရဲ့ အတွေးအခေါ်အရ ပျော်ရွှင်မှုဟာ ပြည့်စုံခြင်းနဲ့ ယှဉ်တွဲနေတယ်။ ပျော်ရွှင်မှုဆိုတာ ပြည့်စုံတဲ့ ကောင်းမြတ်ခြင်းတရားတဲ့။ လူတစ်ယောက်မှာ လိုချင်တောင့်တစရာ ဘာမှ မကျန်တော့ဘူးဆိုရင် ဒါဟာ ပျော်ရွှင်သူတစ်ယောက်လို့ သတ်မှတ်နိုင်လိမ့်မယ်။

လူသားတစ်ယောက်ရဲ့ အခြေခံလိုအင်တွေအားလုံး ပြည့်စုံသွားသူကို ပျော်ရွှင်သူလို့ ခေါ်တာပါပဲ ... တဲ့။

ဒီလိုဆိုတော့ ပျော်ရွင်ခြင်းကို ရုပ်ပိုင်းဆိုင်ရာ အမြင်နဲ့ကြည့်သလို ထင်သွားစရာရှိတယ်။ လူသားရဲ့ အခြေခံလိုအင်တွေဆိုတာက ရုပ်ဝတ္ထုပစ္စည်းတွေ ဖြစ်နေတတ်တာကိုး။ ဒါပေမဲ့ ဘယ်လို ရုပ်ဝတ္ထုပစ္စည်းတွေကို ဘယ်အတိုင်းတာလောက်ထိရရင် ပြည့်စုံတယ်လို့ ခေါ်မလဲ။

ဘယ်လောက်ရရ မရရ ပြည်စုံတယ်ဆိုတာ စိတ်ရဲ့ ပိုင်းဖြတ်မှုတစ်ခုပါပဲ။ ဘာမှမရှိလဲ ဘာကိုမှ ထပ်လိုလားမနေတော့ရင် ဒါဟာ ပြည့်စုံခြင်းပေပေါ့။ ရောင့်ရဲတတ်ခြင်းလိုအပ်တယ်လို့ ဆိုရပါလိမ့်မယ်။ ဒါကြောင့်လဲ မြတ်ဗုဒ္ဓက ပိုင်ဆိုင်မှုအားလုံးကို စွန့်ပြီး တောထွက်ခဲ့တာ ထင်ပါရဲ့။

အရစ္စတိုတယ်ရဲ အမြင်ကို ဆက်ပါဦးမယ်။ ပျော်ရွှင်မှုကို ဖြည့်ဆည်းပေးနိုင်တဲ့ ကောင်းခြင်းတရားတွေဟာ ... ချမ်းသာကြွယ်ဝမှု၊ ကျန်းမာရေးကောင်းမှု စတာတွေ ပါသလို အချစ်၊ ဂုဏ်သိက္ခာ၊ ငြိမ်းချမ်းမှု၊ တရားမျှတမှုတွေလဲ ပါသတဲ့။ သိနားလည်ခြင်း ဥာဏ်ပညာရှိခြင်းဆိုတဲ့ အရည်အချင်းတွေလည်းပါဝင်တယ်လို့ဆိုတယ်။

လူတစ်ယောက် လူပီသစေဖို့အတွက် အခြေခံလိုအပ်ချက်တွေပေါ့။ တနည်းပြောရရင်တော့ ဒါတွေဟာ လူတစ်ယောက်အတွက် ပျော်ရွှင်မှုဆီသွားတဲ့ လှေကားထစ်တွေလိုလဲ အရစ္စတိုတယ်က ယူဆခဲ့ပါတယ်။

လူတိုင်းလိုလို ပျော်ချင်တယ်လို့ ပြောတတ်ကြတယ်။ ဒါပေမဲ့ဘာလို့ ပျော်ချင်လဲလို့ မေးရင် ဘယ်လိုဖြေမလဲ? တကယ်တမ်းမှာ ဒီ့အတွက် ဆင်ခြေမရှိပါဘူး။ ပျော်ချင်လို့ ပျော်ချင်တယ်လို့ပဲဖြေရတော့မှာပါ။ ပျော်ရွင်ခြင်းကိုယ်နှိုက်က ကျနော်တို့ လူသားတွေရဲ့ အန္တိမ ပန်းတိုင်ပါပဲ ... လူသားအားလုံး အလိုရှိအပ် တောင့်တအပ်တဲ့ အမြတ်ဆုံးဆုဖြစ်တယ်လို့ အရစ္စတိုတယ်က အမြင်ရှိခဲ့ပါတယ်။

ပလေတိုကျတော့ ပျော်ရွှင်ခြင်းကို စိတ်ပိုင်းသက်သက် ယူဆတယ်။ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အမြင်ကဲတယ်လို့ ပြောရမလား။ ကိုယ်ကျင့်တရားကောင်းတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ထားမြင့်မြတ်ခြင်းကပဲ ပျော်ရွှင်ခြင်းဖြစ်တယ်လို့ မြင်ပါသတဲ့။ ကိုယ်ကျင့်တရားကောင်းမြတ်သူကို ဘယ်ပြင်ပ အကြောင်းတရားကမှ မပျော်ရွှင်အောင် မတားမြစ်နိုင်ဘူး ဆိုတယ်။

ဂျာမာန်တွေးခေါ်ရှင် ကန့်ရဲ့ အတွေးအမြင်ကျတော့ တစ်မျိုး။ ပျော်ရွှင်ခြင်းဆိုတာ လူသားရဲ့ ပန်းတိုင် မဖြစ်သင့်ဘူးလို့ သူမြင်တယ်။ ပျော်ရွှင်ခြင်းဆိုတာကို လိုက်လံမရှာဖွေသင့်ဘူး။ ပျော်ရွှင်ခြင်းကို လိုက်လံရှာဖွေတာကိုက မှားနေပြီ။ ဒါဟာ တစ်ကိုယ်ကောင်းဆန်ခြင်းဖြစ်တယ်။ လူမှာ အဓိက လိုအပ်တဲ့ စံနှုန်းတွေက တာဝန်ဝတ္တရားနဲ့ ရပိုင်ခွင့်။ ဒါတွေရဲ့ ဘောင်အပြင်ကိုကျော်ပြီး ပျော်ရွှင်မှုကို လိုက်ရှာတာဟာ တစ်ကိုယ်ရေ ကျေနပ်နှစ်သိမ့်မှုကို ရှေ့တန်းတင်ခြင်းဖြစ်တယ်လို့ ဆိုတယ်။

လူရဲ့ လိုက်နာရမယ့် ကိုယ်ကျင့်တရားဆိုတာ ပျော်ရွှင်ဖို့သက်သက် ချမှတ်ထားတာ တည်ရှိနေတာ မဟုတ်ဘူး။ လူမှန်ရင် မဖြစ်မနေလုပ်ကိုလုပ်ရမယ့် တရားတွေဖြစ်တယ်။ ဒါကြောင့် ပျော်ရွှင်ခြင်းကို ပန်းတိုင်အဖြစ်ထားရင် ကိုယ်ကျင့်တရားနဲ့ လွဲချော်သွားပြီ။ ပျော်ရွှင်ခြင်းဆိုတာ ပန်းတိုင် မဟုတ်ဘူး။ လုပ်ရပ်မဟုတ်ဘူး။ ရလာဒ်သာ ဖြစ်လိမ့်မယ် ... တဲ့။

အဓိပ္ပါယ်ကတော့ ကိုယ်ကျင့်တရားရဲ့ အဓိက လိုအပ်ချက်တွေဖြစ်တဲ့ တာဝန်ဝတ္တရားတွေ ရပိုင်ခွင့်တွေအတိုင်း လိုက်နာလုပ်ဆောင်သွားတဲ့အခါ ပျော်ရွှင်ခြင်းဆိုတာ ရရှိလာမယ့် ဆုလာဘ်တစ်ခုလို့ ဆိုလိုချင်ပုံပါပဲ။

ကျနော်တို့ လူသားတွေဟာ ပျော်ရွှင်မှုအတွက် ရည်ရွယ်ပြီး မလုပ်ဆောင်သင့်ဘူး။ ပျော်ရွှင်မှုနဲ့ ထိုက်တန်အောင်သာ နေထိုင်ကျင့်ကြံသင့် ... သတဲ့။

ပျော်အောင်နေမယ်၊ ပျော်အောင်လုပ်မယ်ဆိုတာမျိုးထက် လုပ်စရာရှိတာ ကျေပွန်အောင်လုပ်နေခြင်းကပဲ ပျော်ရွှင်ခြင်းဆုလာဒ်ဆိုက်ရောက်လာဖို့ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

မူရင်းလင့် = http://sonenaykya.blogspot.com/2011/12/blog-post_7885.html

တစ်ဆင့်မျှဝေသူ - တပွင်သားလေး
>>>စ-ဆုံး-ဆက်ဖတ်ရန်>>> >>
Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။