Ads 468x60px
သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း
Wednesday, December 10, 2014
နောင်တ
မိမိရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်ကို ချစ်လာစေသလို မိမိကို 
နာကြည်းမုန်းတီးသွားအောင်လည်း ဖြစ်သွားစေနိုင်တယ်။ ဒါကို ကျနော် အခုမှ 
တကယ်သိခဲ့တယ်။ ဒါပေမယ့် ကျနော့အသိက နောက်ကျသွားပါပြီ။ 
ကျနော့ဘ၀မှာ သံယောဇဉ်အရှိရဆုံး ညီနှစ်ယောက်ရှိခဲ့တယ်။ အတိတ်က 
ရေစက်ပေါ့ဗျာ။ ဒီဘ၀မှာ သွေးသား မတော်စပ်ကြပေမယ့် ရှေးရေစက် 
အကြောင်းကံပါလာတော့ ငယ်စဉ်တောင်ကျေး ကလေးအရွယ်ကတည်းက 
မြင်မြင်ချင်း ညီအရင်းတွေပမာ သံယောဇဉ် ဖြစ်ခဲ့တယ်။ ဒီနေ့ဒီအချိန်ထိပါပဲ။ 
တစ်ယောက်က ဗုဒ္ဓဟူးသား၊ တစ်ယောက်က အင်္ဂါသား။ နှစ်ယောက်လုံးကို 
အမှန်တကယ် ချစ်ခဲ့တယ်။ ဒီနေရာမှာ အခုစာရေးရတဲ့အကြောင်းနဲ့ပတ်သက်တဲ့ 
ဗုဒ္ဓဟူးသားညီတစ်ယောက်အကြောင်းကိုပဲ ရေးပါရစေ။
ညီနှစ်ယောက်လုံးကို ဟိုးးးးးးးငယ်ငယ်ကလေးအရွယ်ကစ သံယောဇဉ်ရှိခဲ့တာပါ။ 
ညီက စကားနည်းတယ်။ စိတ်ဆတ်တယ်။ အသားဖြူတယ်။ မိန်းကလေးတိုင်း 
သဘောကျလောက်အောင် ရုပ်ဖြောင့်တယ်။ 
ယုံတယ်။ ညီ ငယ်ငယ်က ကျနော်တစ်ယောက်တည်း ပျင်းနေမှာစိုးလို့ နေ့ရော 
ညပါ အားလပ်ချိန်တိုင်း အလည်လာတယ်။ သူများတွေ အားလပ်ချိန် 
ကစားသူကစား ဗွီဒီယိုကြည့်သူကြည့်နေကြချိန်မှာ ညီတို့ကတော့ 
ပျင်းစရာကောင်းတဲ့ ကျနော့ထံလာပြီး စကားပြောဖော်ရအောင် 
အချိန်ပေးခဲ့ကြတယ်။ ညီတို့ကြောင့် ကျနော် ပျော်ရွှင်ခဲ့ရတယ်။ ဒီအတွက် 
ညီတို့ကို အမြဲကျေးဇူးတင်တယ်။
ညီငယ်ငယ်တုန်းကဆိုရင် မိုးရွာပြီး မိုးဖွဲလေးကျနေရင်တောင် ထီးဆောင်းပြီး 
အလည်လာပေးတယ်။ အဲဒီပုံရိပ်ကို အခုထိ မှတ်မိနေတုန်းပဲ။ 
ညီကထီးလေးဆောင်းပြီး ကျနော့်ထံအလာမှာ ဖြောင့်ဖြောင့်မလာဘဲ 
လမ်းမှာတွေ့တဲ့ဖားလေးကို လိုက်ကောက်ရင်းဆော့ကစားနေတယ်။ ကျနော် 
အမှောင်ထဲမှာ သည်းသည်းကွဲကွဲ ဘယ်သူဆိုတာမသိပေမယ့် ညီလို့တော့ 
တန်းသိလိုက်တယ်။ အဲဒီလို ညီအလည်လာတာကို မြင်တိုင်း အတိုင်းမသိ 
ဝမ်းသာကြည်နူးခဲ့ရတယ်။ ပြန်တွေးလိုက်တိုင်း အတိတ်ကပုံရိပ်တွေအားလုံးဟာ 
မနေ့ကလိုပဲ ထင်ရတယ်။ ပြန်မြင်ယောင်မိတိုင်း လွမ်းမိတယ်။ 
ပြန်တမ်းတမိတယ်။ ဒီလိုနဲ့ နှစ်များစွာ ညီနဲ့ ရင်းနှီးခဲ့တယ်။ ဘယ်တုန်းကမှ 
ကျနော် ညီနဲ့ ဒီလို သူစိမ်းဆန်ဆန် ခွဲခွါရလိမ့်မယ်လို့ မတွေးခဲ့ဖူးဘူး။ 
အခုတော့ ကျနော့ရဲ့ တစ်ဖက်စွန်းရောက် သံယောဇဉ်ကြီးမှုကြောင့် ညီ့ရဲ့ 
သူစိမ်းဆန်ဆန်ဆက်ဆံမှုကို ရလိုက်ပြီ။ ကျနော် မဆင်ခြင်ခဲ့တာပါ။ ညီ့ကို 
ချစ်လွန်းတဲ့စိတ်နဲ့ နေရာတကာမှာ အူတိုမိလာတယ်။ 
သံသယအမြင်နဲ့မေးမိတာတွေက ညီ့ရဲ့ရိုးသားတဲ့စိတ်ကို 
မယုံကြည်ရာရောက်ခဲ့တယ်။ ဒီလို သံသယစိတ် သ၀န်တိုစိတ်တွေက ညီ့ကို 
အနေကျဉ်းသွားစေတယ်။ စိတ်ညစ်သွားစေခဲ့တယ်။ နောက်ဆုံး ညီ ကျနော့်ကို 
အမုန်းကြီးမုန်းသွားတယ်။ ညီတကယ် ကျနော့ကို မုန်းသွားပြီ။ ကျနော်ကသာ 
အခုထိ ညီ့ကို သံယောဇဉ်ရှိနေဆဲ။ ညီကျနော့ကို မုန်းသွားတာကို 
ပြန်သုံးသပ်ကြည့်လိုက်တော့ ကျနော့်ရဲ့ မဆင်မခြင် ပြောလိုက်မိတဲ့ 
သံသယစကား အူတိုစကားတွေကြောင့်ဆိုတာ သေချာပါတယ်။ ကျနော့နှုတ်က 
ညီကို ပြောမိတဲ့စကားတွေက ညီ့အတွက် ခွင့်မလွှတ်နိုင်လောက်အောင် 
နာကြည်းမုန်းတီးသွားစေတယ်။ ညီနဲ့အခုလိုဖြစ်ပြီးနောက်ပိုင်း တရက်မှ 
မပျော်ဘူး။ တွေးမိတိုင်း နောင်တရတယ်။ ညီက ဖြူစင်တယ် ရိုးသားတယ် ဘာမှ 
အပြစ်ပြောစရာမရှိဘူး။ ကျနော်စကားပြော မဆင်ခြင်ခဲ့လို့ ညီကျနော့ကို 
မုန်းသွားတာပါ။ အခုနောက်ပိုင်း ညီနဲ့တွေ့ရင် ညီ့ရဲ့ အရင်တုန်းကနဲ့မတူတဲ့ 
အပြောအဆို သူစိမ်းဆန်တဲ့ဆက်ဆံမှုကို မြင်ရတိုင်း ရင်ထဲအတိုင်းမသိ 
ဆို့နစ်ခံစားရလွန်းလို့ အတတ်နိုင်ဆုံး ညီ့ကို မတွေ့ဖြစ်အောင် ကျနော် 
ရှောင်နေဖြစ်တယ်။ ညီ့ကို မြင်ချင် တွေ့ချင် စကားပြောချင်စိတ်ကို 
ချုပ်တည်းထားရတာလည်း စိတ်ပင်ပန်းလှပါတယ်။ ဘယ်လိုပင် ညီ့ကို 
မတွေ့ဖြစ်အောင် ရှောင်ချင်နေပေမယ့် ကျနော့ မသိစိတ်က ညီ့ကို တွေ့နိုး 
လိုက်ရှာမိနေဆဲပါ။ မဖြစ်နိုင်တော့မှန်းသိလျက် မျှော်နေမိဆဲ။ အခုတော့ 
နောင်တရရုံကလွဲလို့ ဘာမှမတတ်နိုင်တော့။ နောက်ထပ်ဒါမျိုးမဖြစ်အောင် 
ဆင်ခြင်ဖို့ပဲ ရှိတော့တာပေါ့ဗျာ။ နှစ်ပေါင်းများစွာ ရင်းနှီးခင်မင်ခဲ့တဲ့ သံယောဇဉ်ဟာ မိမိရဲ့ မဆင်မခြင်
တစ်ဖက်သတ် သံသယအမြင် သ၀န်တိုစိတ်တွေကြောင့် ပျက်စီးခဲ့ရပြီး နောင်တရစရာ 
အတိတ်ပုံရိပ်တွေသာ ထင်ကျန်ခဲ့ပါတော့တယ်။
ဒီအကြောင်းဘာကြောင့်ပြောပြရသလဲဆိုရင် မိတ်ဆွေတို့လည်း 
မိမိတို့ချစ်ခင်နှစ်သက်ရတဲ့ ချစ်သူရည်းစားနှင့်ဖြစ်စေ၊ သူငယ်ချင်းနဲ့ဖြစ်စေ၊ 
ညီအစ်ကို မောင်နှမ ညီအစ်မလို ချစ်ရသူတွေနဲ့ဖြစ်စေ အခင်အမင် သံယောဇဉ် 
မပြတ်ချင်ဘူးဆိုရင် သံသယစိတ်၊ သ၀န်တိုစိတ်တွေကို 
တစ်ဖက်စွန်းမရောက်အောင် သတိနဲ့ ပြောဆိုဆက်ဆံစေဖို့ 
သတိဖော်ပေးရုံသက်သက်အဖြစ် ပြောပြတာပါခင်ဗျာ။ ချစ်မိတ်ဆွေတို့အပေါ် 
ဆရာလုပ်တာမဟုတ်ရပါဘူးခင်ဗျာ။
တကယ်တော့ ဒီသံသယစိတ် သ၀န်တိုစိတ်ဟာ တစ်ဖက်သားအပေါ် 
မယုံကြည်ရာရောက်ပါတယ်။ တကယ်ရိုးသားဖြူစင်တဲ့ 
တစ်ဖက်သားအတွက်တော့ ဒါဟာ နာကြည်းစရာအချက်ဖြစ်ပါတယ်။ 
ကိုယ်တကယ်ချစ်တဲ့သူအပေါ် ချစ်လို့ သ၀န်တိုတာ သဘာဝပါ။ အဓိကက 
အစွန်းမရောက်ဖို့ပါ။ အစွန်းရောက်ရင် ဘယ်အရာမှ ကောင်းကျိုးကို မပေးဘဲ 
မလိုချင်တာတွေပဲ ရတတ်ပါတယ်။ ဘ၀တစ်ကွေ့ ခဏတွေ့ကြစဉ်မှာ 
ကိုယ်နှစ်သက်ခင်မင်ရသူများနဲ့ အမုန်းတွေမဖက် အပြုံးတွေဆက်ကာ 
အပြစ်မတင် အချစ်ဝင်ပြီး ထာဝရ ပြုံးပျော်နိုင်ကြပါစေခင်ဗျားးးးးး။
ညီတစ်ယောက် ခွင့်လွှတ်နိုင်ပါစေ။
အောင်မျိုးထွန်း(တပွင်သားလး)
မှတ်ချက်။ ။ ချစ်ခြင်းသံယောဇဉ်နှင့် မကင်းနိုင်ကြသေးသော သာမန်ပုထုဇဉ်တို့ကို ရည်ရွယ်ပါသည်။ သံယောဇဉ်ဆိုတာ ဘုရားရှင်အလိုကျကတော့ ဖြတ်နိုင်တာ အကောင်းဆုံးပါ။
0 comments:
Post a Comment
Related Posts Plugin for WordPress, Blogger...
ဝန်ခံခြင်း
ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။