Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Friday, December 12, 2014

အမျိုးသမီးချင်း ချစ်သူများအတွက် သိထားသင့်သည့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများ

သက်တံ့အယ်ဒီတာအဖွဲ့။ ဧပြီလ ၂၄ ရက်နေ့၊ ၂၀၁၂ ခုနှစ်။



လိင်တူချစ်သူ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ သီးသန့်ရေးသားထုတ်ဝေထားတဲ့ သတင်း ဆောင်းပါးတွေ၊ စာပေတွေဟာ အလွန်အင်မတန်ကိုမှ ရှားပါးလှပါတယ်။

အဲဒါကြောင့် အခုဖော်ပြမယ့် သတင်းအချက်အလက် လေးတွေဟာ အရမ်းတန်ဖိုးရှိတယ်လို့ ပြောရမှာပါ။

လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေအနေနဲ့ လုံးဝသိ ထားသင့်တဲ့ အချက်တွေဖြစ်သလို အထူးဂရုစိုက်ပြီးတော့ လည်း ဖတ်ရှုစေချင်ပါတယ်။

ဒီသတင်းအချက်အလက်တွေကို International Lesbian and Gay Association (ILGA) ရဲ့ ၀က်ဘ် ဆိုဒ်ကနေ ရရှိထားတာဖြစ်ပြီး တဆင့်ဘာသာပြန် ဖော်ပြ ပေးလိုက်ခြင်း ဖြစ်ပါတယ်။ မူရင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတာကို ဖတ်ရှုချင်တယ်ဆိုရင်တော့ အဲဒီ ၀က်ဘ်ဆိုဒ်မှာ တိုက်ရိုက်ဖတ်ရှုနိုင်ပါတယ်။

ကဲ ရှေ့ကိုဆက်မဖတ်ခင်မှာ လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ ကိုယ့်မှာ ဘယ်လောက်ထိ ဗဟုသုတလေးတွေ ရှိထားသလဲဆိုတာကို ဉာဏ်စမ်းလေးနဲ့ အရင်ဆန်းစစ်ကြည့်လိုက်ကြရ အောင်နော်။

အောက်ကို ကျော်မဖတ်သေးပဲ ဒီမေးထားတဲ့ မေးခွန်းလေးတွေကို အရင်ဦးဆုံး မှန်မှန်ကန်ကန် ဖြေဆိုစေချင်ပါတယ်။
အစဉ် ဆန်းစစ်ချက်များ အမှန် အမှား
၁ လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေအနေနဲ့ ကျန်မားရေးဆေးစစ်မှုကို ပုံမှန်ပြုလုပ်သင့်တယ်
၂ လိင်ကွဲကိုချစ်တဲ့ အမျိုးသမီးတွေထက် လိင်တူချစ်သူအမျိုးသားတွေဟာ ရင်သားကင်ဆာဖြစ်ဖို့ အလားအလာပိုများတယ်
၃ လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေကြားမှာ HIV AIDS ရောဂါ ကူးစက်ဖို့ မဖြစ်နိုင်ဘူး
၎ လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ ကူးစက်မှုရောဂါတွေကို (Sexual Transmitted Infection STI) ကူးစက်ခံရနိုင်စရာ အကြောင်းမရှိပါ။
၅ အမျိုးသမီးတယောက်လို ၀တ်စားဆင်ယဉ် သွားလာနေထိုင်တဲ့ လိင်တူချင်းချစ်သူ အမျိုးသမီးများဟာ လိင်တူချင်းချစ်သူအမျိုးသမီး (lesbian) စစ်စစ်များမဟုတ်ပါ။
၆ အမျိုးသမီးအချင်းချင်း ချစ်တဲ့ချစ်ခြင်းမေတ္တာဟာ အခြားလိင်ကွဲခြင်းချစ်သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေလောက် မလေးနက်နိုင်ပါဘူး။


(၁) အဖြေက (မှန်) ပါတယ်။

သားဖွားမီးယပ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးစစ်ဆေးမှုဟာ ကိုယ်ဝန်ဆောင်သည်တွေ၊ သန္ဓေတားဆေးသုံးစွဲတဲ့ အမျိုးသမီး တွေနဲ့သာ သက်ဆိုင်တဲ့ကိစ္စဆိုပြီး လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေ တော်တော်များများက တွေးထင်ယူဆထားတတ် ကြပါတယ်။

အမှန်မှာတော့ ဒီလိုသားဖွားမီးယပ်ကိစ္စနဲ့ ပတ်သက်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်သင့်တာ ဖြစ်ပါတယ်။

အဲဒီတော့မှ ကူးစက်ရောဂါတွေဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာကူးစက်မှုရောဂါတွေ (STI) အပါအ၀င် တခြားဖြစ်လာနိုင်ခြေရှိတဲ့ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ အစရှိတဲ့ ကင်ဆာရောဂါတွေကိုလည်း ကြိုတင်ကာ ကွယ်သွားနိုင်မှာ ဖြစ်ပါတယ်။

အဲဒါကြောင့် အသက်အရွယ်မရွေး၊ လူမျိုးမရွေး၊ လိင်စိတ်ခံယူမှုကွဲပြားမှုမရွေး အမျိုးသမီးတိုင်းဟာ သားဖွားမီးယပ် ကျန်းမာ ရေးဆေးစစ်မှုတွေကို ပုံမှန်ပြုလုပ်သွားဖို့ သင့်ပါတယ်။

(၂) အဖြေက (မှန်)ဖို့ များပါတယ်။

ဆေးလိပ်နဲ့အရက်ကို အလွန်အကျွံ သောက်သုံးတဲ့ အမျိုးသမီးတိုင်းလိုလို ရင်သားကင်ဆာဖြစ်ဖို့ အလားအလာအများကြီး ရှိပါတယ်။

ဒါပေမယ့် သုတေသနပြုလုပ်ချက်တွေအရတော့ လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေဟာ သားဖွားမှုမရှိတဲ့အတွက် တခြား လိင်ကွဲချင်းချစ်တဲ့ အမျိုးသမီးတွေထက်စာရင် ရင်သားကင်ဆာဖြစ်ဖို့ အလားအလာ ပိုရှိတယ်လို့ ဆိုပါတယ်။

ဆိုလိုတာက ရင်သားကင်ဆာဖြစ်ဖို့ အစိုးရိမ်ရဆုံးသော စာရင်းထဲမှာ လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေက နံပတ်တစ် ထိပ်ဆုံးစာရင်းမှာ ပါနေတယ်လို့ ဆိုချင်တာပါ။

(၃) အဖြေက (မှား) ပါတယ်။

လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေကြားမှာ HIV/ AIDS ရောဂါ ကူးစက်ဖို့အတွက် အလားအလာ အလွန်နည်းပါတယ် ဆိုတာတော့ မှန်ပါတယ်။

ဒါပေမယ့်လို့ မကူးစက်နိုင်ဘူး ဆိုပြီးတော့လည်း တထစ်ချပြောဆိုလို့ မရနိုင်ပါဘူး။

လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေကြားမှာ HIV/ AIDS ရောဂါ ကူးစက်တာကို သုတေသနပြုလုပ်ထားတဲ့ အချက်အလက် တွေ အလွန်အင်မတန် နည်းပါးပေမယ့်လို့ အခုချိန်မှာတော့ ကူးစက်မှုရှိနေပြီဖြစ်ကြောင်း သက်သေ အထောက်အထားတွေ ရှိလာပြီ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် တချို့လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေရဲ့ လိင်ဆက်ဆံတဲ့ နည်းလမ်းတွေဟာ ရောဂါကူးစက်လာနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုလာနေကြတဲ့အတွက်ကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

(၄) အဖြေက (မှား) ပါတယ်။

လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေဟာလည်း တခြားအမျိုးသမီးတွေနဲ့ အတူတူပါပဲ။

တကယ်လို့ လိင်ပိုင်းဆိုင်ရာကူးစက်ရောဂါ (STI) ကူးစက်ခံထားရတဲ့ တခြားအမျိုးသမီးတယောက်နဲ့အတူ အကာ အကွယ်မသုံးပဲ လိင်ဆက်ဆံခဲ့မယ်ဆိုရင်တော့ အဲဒီလိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေကို ကူး စက်ခံရနိုင်ပါတယ်။

အဲဒါကြောင့် လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေအနေနဲ့လည်း ဒီ (STI) ရောဂါကူးစက်ခံရဖို့ ၁၀၀ ရာခိုင်နှုန်း ကျိန်းသေနေပါ တယ်။



(၅) အဖြေကလည်း (မှား) ပါတယ်။

လိင်ကွဲချင်းစိတ်ဝင်စားတဲ့ အမျိုးသမီးတွေမှာ ပုံစံစတိုင်လ် အမျိုးမျိုးရှိကြသလိုပဲ လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေမှာလည်း ပုံစံအမျိုးမျိုး၊ စတိုင်လ်အမျိုးမျိုး ရှိကြပါတယ်။

လူမှုအသိုင်းအ၀ိုင်းက စိတ်ကူးမျှော်လင့်တဲ့ ယောက်ျားပီသမှု၊ မိန်းမပီသမှု (မိန်းမအချင်းချင်း ကြိက်ရင် တယောက်က မိန်းကလေးလိုနေ၊ တယောက်က ယောကျာ်းလေးလိုနေ) ဆိုတဲ့ သတ်မှတ်ချက်တွေဟာ လိင်စိတ်ခံယူမှုနဲ့ ဘာမှ မသက် ဆိုင်ပါဘူး။

နှစ်ယောက်စလုံး မိန်းကလေးလိုပုံစံမျိုးနဲ့ ချစ်ကြိက်နေကြတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိပါ တယ်။

(၆) အဖြေကလည်း (မှား) ပါတယ်။

လူအတော်များများက အမျိုးသမီးအချင်းချင်းချစ်တဲ့ အချစ်က အချစ်စစ်ဖြစ်မှာ မဟုတ်ဘူး။ တည်မြဲမှာလည်း မဟုတ်ဘူးလို့ လွဲမှားစွာ တွေးထင်တတ်ကြပါတယ်။

အမှန်တကယ်တော့ တခြားလိင်ကွဲချင်း ချစ်တဲ့သူတွေရဲ့ ချစ်ခြင်းမေတ္တာမျိုးလိုပဲ လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေရဲ့ ချစ်ခြင်းမေတ္တာကလည်း အတူတူပဲ ဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာ လိင်စိတ်ခံယူမှုကွဲပြားခြင်းနဲ့ ဘယ်လိုမှ ပတ်သက်ဆက်နွယ်မှု မရှိပါဘူး။

မိသားစု၊ အပေါင်းအသင်း၊ မိတ်ဆွေတွေကသာ ချစ်သူစုံတွဲ၊ ဘ၀ကြင်ဖော်တွေအဖြစ်နဲ့ အသိအမှတ်ပြု လက်ခံပေးမယ် ဆိုရင်တော့ သူတို့တွေကို စိတ်ခွန်အား မြှင့်တင်ပေးရာရောက်ပြီး သူတို့တွေရဲ့ ချစ်ခြင်းမေတ္တာ တွေကို ပိုမိုခိုင်မြဲအောင် တွန်းပို့ပေးရာ ရောက်ပါလိမ့်မယ်။

ကဲ အခုလောက်ဆိုရင်တော့ လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ကိုယ့်ရဲ့ကျန်းမာရေးဗဟုသုတ ဘယ်လောက်ရှိတယ်ဆိုတာကို သတိပြုမိလောက်မှာပါ။

ဒီလိုဆို လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေအပေါ်မှာ အဖြစ်များတတ်တဲ့ ရောဂါတွေအကြောင်းကို တစေ့တစောင်း လေ့လာကြည့်ကြပါစို့နော်။

ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာအကြောင်း

မှားယွင်းတဲ့ တွေးခေါ်ယူဆမှု

လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေအနေနဲ့ သားဖွားမီးယပ်ရောဂါများနဲ့ ပတ်သက်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးရန် မလိုပါ။

သားအိမ်ကင်ဆာဟာ လိင်ကွဲချင်းချစ်တဲ့ အမျိုးသမီးတွေမှာသာ အဖြစ်များတဲ့ရောဂါပါ။ အထူးသဖြင့် တိုးတက်တဲ့နိုင်ငံတွေက အမျိုးသမီးတွေမှာသာ အဖြစ်များတာပါ။

တကယ့်အမှန်မှာတော့ သားဖွားမီးယပ်ရောဂါများနဲ့ ပတ်သက်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ပြုလုပ်ခြင်းဟာ တခြားလိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ကူးစက်တတ်တဲ့ရောဂါတွေနဲ့ ကင်ဆာရောဂါတွေကို ကြိုတင်ဆန်းစစ် ရှာဖွေပေးတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ်လိုလိင်စိတ်ခံယူမှုမျိုးပဲရှိရှိ အမျိုးသမီးတိုင်း ဒီကျန်းမာရေးစစ်ဆေးမှုကို လုပ်သင့်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေ အတော်များများကတော့ ဒီလိုကျန်းမာရေးစစ်ဆေးမှုကို တခြားလိင်ကွဲချင်းချစ်သူ အမျိုးသမီးတွေထက်စာရင် ဆေးစစ်တာ အလွန်အင်မတန်မှ နည်းကြတာ ဖြစ်ပါတယ်။

သားအိမ်ကင်ဆာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေမှာ အဖြစ်များလေ့ရှိတဲ့ ရောဂါတမျိုးပါ။ လိင်တူချစ်တဲ့ အမျိုးသမီးပဲဖြစ်ဖြစ်၊ လိင်ကွဲချင်းချစ်တဲ့ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသမီးတိုင်းဟာ The Human Papilloma Virus (HPV) ဆိုတဲ့ ဗိုင်းရပ်စ်ပိုး ရှိနိုင်ကြတာ ဖြစ်ပါတယ်။ HPV ဆိုတဲ့ရောဂါပိုးဟာ STI ကူးစက်လာနိုင်ဖို့ရန်အတွက် အဓိကတွန်းအားပေးနိုင်ဆုံး ရောဂါပိုးတစ်ခုလို့ ပြောလို့ရပါတယ်။ အဲဒီရောဂါပိုးတွေရဲ့ အသွင်ပြောင်းလဲမှုဟာ သားအိမ်ကင်ဆာဖြစ်လာနိုင်စေဖို့ရန်အတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ပတ်သက် ဆက်နွယ်နေတာ ဖြစ်ပါတယ်။

ရင်သားကင်ဆာ



ရင်သားကင်ဆာဟာ လိင်တူချင်းချစ်တဲ့ အမျိုးသမီး တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေအရှိဆုံး အဓိကအကြောင်း ရင်းတွေကတော့-

လိင်တူချင်းချစ်တဲ့သူတွေကို မုန်းတီးတဲ့အပြုအမူတွေရဲ့ တုံ့ပြန်မှုကို ကြောက်ရွံ့တဲ့စိတ်၊ တခြားအမျိုးသမီးတွေလို သန္ဓေတားဆေးသုံးစွဲတဲ့ အလေ့အထမရှိခြင်း၊ လိင်တူ ချင်းချစ်တဲ့ အမျိုးသမီးတွေဟာ သားဖွားမီးယပ်ရောဂါ များနဲ့ပတ်သက်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ် တာ အလွန်နည်းပါးတဲ့အတွက်ကြောင့် လိင်တူချင်းချစ် တဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ အဖြစ်များနေရ တာ ဖြစ်ပါတယ်။

နောက်တချက်က လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေဟာ တခြားအမျိုးသမီးတွေထက်စာရင် ကလေးမမွေးရတဲ့ အကြောင်းအရင်းကိုက ရင်သားကင်ဆာဖြစ်ဖို့ အလားအလာ ပိုများနေတာဖြစ်ပါတယ်။

တိကျမှန်ကန်တဲ့ သုတေသနပြုလုပ်ချကတခုရဲ့ ပြောဆိုချက်အရ လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေဟာ ဆေးလိပ်နဲ့ အရက်ကို အလွန်အကျွံ သောက်သုံးလေးရှိတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒါကလည်း အဓိကအကြောင်းအရင်း တစ်ခုပေါ့။

ရင်သားကင်ဆာဖြစ်ဖို့ အလားအလာအရှိဆုံးသူတွေရဲ့ အခြေအနေများ

ရင်သားကင်ဆာဖြစ်ပွားဖို့ အလားအလာအများဆုံးရှိသူတွေရဲ့ အခြေအနေတွေကိုလည်း ရှင်းပြပေးမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေတွေကတော့-

- အမျိုးသမီး ဖြစ်နေတဲ့အတွက်၊

- အသက် ၅၀ အထက် အမျိုးသမီးတွေ၊

- အမျိုးထဲမှာ ရင်သားကင်ဆာနဲ့ ပတ်သက်လို့ ဖြစ်ခဲ့ဖူးသူ ရှိခြင်း၊

- ကင်ဆာမဟုတ်တဲ့ တခြားမူမမှန်တဲ့ လက္ခဏာအင်္ဂါရပ်တွေ ရင်သားတ၀ိုက်မှာ ဖြစ်ပေါ်နေခဲ့ခြင်း၊

- ကလေးမရခြင်း၊ ဒါမှမဟုတ် အသက် ၃၀ နောက်ပိုင်းမှ သားဦး၊ သမီးဦးကို မွေးဖွားခြင်း၊

- အသက် ၁၂ နှစ်မတိုင်မှီမှာ ဓမ္မတာလာသူ၊

- အသက် ၅၂ နှစ်ကျော်မှ ဓမ္မတာသွေးဆုံး ခြင်း၊

- ဓမ္မတာဆုံးပြီးနောက် နှစ်ရှည်လများစွာတိုင်အောင် ဟိုမုန်းဆေး မှီဝဲနေခြင်း၊

- ဆေးလိပ်နဲ့အရက်ကို အလွန်အကျွံ သောက်သုံးခြင်း၊

- ကိုယ်လက် လှုပ်ရှားမှု မရှိခြင်း၊

- အလွန်အကျွံ ၀ခြင်း၊

မြင်သာထင်ရှားတဲ့ ရင်သားကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့-

- ပါးချိုင့်ခွက်လိုမျိုး ချိုင့်အကွင်းလေးတွေ ရင်သားတ၀ိုက်မှာ ပေါ်ပေါက်လာခြင်း၊

- နို့သီးခေါင်းကနေပြီး အရည်တွေ ကျဆင်းခြင်း၊

- နို့အုံတ၀ိုက်၊ ဒါမှမဟုတ် နို့သီးခေါင်းအောက်နားက အညိုရောင်ဝိုင်းနားတ၀ိုက်တွင် အရောင်အမျိုး မျိုး ဖြစ်ပေါ်လာခြင်း၊

- နှင်းခူလို အနာကွက်တွေ နို့သီးခေါင်းနဲ့ နို့သီးခေါင်းအောက်နားက အညိုရောင်အ၀ိုင်းနားတ၀ိုက်တွင် ဖြစ်ပေါ်လာခြင်း၊

- နို့သီးခေါင်း အထဲကို ပြန်လည်ကျွံဝင်သွားခြင်း၊

- ချိုင်းကြားအထဲထိ ရောက်လုအောင် နို့အုံ ပိုမိုကြီးမားလာခြင်း၊

- နို့အုံတ၀ိုက် အထိအတွေ့များ သိသာစွာ ပြောင်းလဲလာခြင်းနှင့် အရွယ်အစားမှာလည်း သိသာစွာ ပြောင်းလဲ လာနေခြင်း၊

တို့ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာအင်္ဂါရပ်တွေ ဖြစ်ပေါ်လာတိုင်း ရင်သားကင်ဆာဖြစ်လာပြီလို့ အသေသတ်မှတ်ပြီးတော့ တွက်ချက်လို့လည်း မရပါဘူး။ ဒါပေမယ့် အစပိုင်းမှာတော့ ရောဂါလက္ခဏာပြတာ အလွန်အင်မတန်မှ နည်းပါးလေ့ ရှိတဲ့အတွက် အမြဲတမ်းဆေးစစ်မှုတွေ ပြုလုပ်ဖို့က အလွန်အရေးကြီးတဲ့ အချက် တခုပါ။



ကာကွယ်နည်း

ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးနည်းတရပ်လို့ ပြောကြတဲ့အတိုင်း ရင်သားကင်ဆာတွေ ကိုယ့်မှာ မဖြစ်ပွားအောင် ကြိုတင်ပြီးလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်မှာ ဖော်ပြပေးထားတဲ့အချက်တွေကို အလေးထားပြီး လုပ်ဆောင်မယ်ဆိုရင် ရင်သာကင်ဆာဖြစ်ပွားမှုကို အတတ်နိုင်ဆုံး ရှောင်ကွင်းနိုင်မှာ ဖြစ်ပါတယ်။

လူနေမှုပုံစံ

ဘယ်လိုမျိုး လူနေမှုပုံစံကတော့ ရင်သားကင်ဆာကနေ ၁၀၀ ရာခိုင်နှုန်းပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာမျိုး မရှိသေးပါဘူး။

ဒါပေမယ့်လို့ ဖြစ်လာနိုင်ခြေရှိတဲ့ဟာကို အနည်းဆုံးဖြစ်အောင်တော့ ကြိုတင်ကာကွယ်လို့ ရနိုင်ပါတယ်။

အဲဒါတွေကတော့ တခြားမဟုတ်ပါဘူး။ အ၀မလွန်အောင် ထိန်းသိမ်းပါ။ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ပေးပါ။ အရက်နဲ့ဆေးလိပ်ကို လျှော့သောက်ပါ။ အစားအသောက်မျိုးစုံကို မျှတအောင် စားသောက်ပေးရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို အမြဲတမ်းဆန်းစစ်နေခြင်း

အသက် ၂၅ နှစ် ပြည့်ပြီးတဲ့နောက်ပိုင်း လတိုင်းဆိုသလို ကိုယ့်ရဲ့ရင်သားကို ဆန်းစစ် ကြည့်သင့်ပါတယ်။ အထူးသဖြင့် ဓမ္မတာလာပြီး နောက်တပတ်မှာပေါ့။

တကယ်လို့ လွန်ခဲ့တဲ့လက ဆန်းစစ်ကြည့်ပြီးကတည်းက ထူးခြားတာတစ်ခုခုကို တွေ့မြင်တာ၊ ခံစားလာရတာမျိုးဆိုရင် ချက်ခြင်းဆိုသလို ဆရာဝန်ဆီသွားပြပြီး တိုင်ပင်ဆွေးနွေးမှုကို ပြုလုပ်သင့်ပါတယ်။

အကောင်းဆုံးကတော့ အခုဆေးစစ်ပြီးလို့မှ ဘာမှမကြာသေးခင် တစ်ခုခုပြောင်းလဲ ခံစားလာရတာမျိုး ဆိုတာနဲ့ ချက်ချင်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။



ဆေးစစ်ခြင်း

မာမော်ဂရမ်နှင့် အာထရာဆောင်းရိုက်ခြင်း

ဒီစစ်ဆေးမှုတွေကို ရင်သားကင်ဆာ ရောဂါလက္ခဏာ မပေါ်မီကတည်းက ကြိုတင်ပြုလုပ်ထားသင့်ပါတယ်။ စောစော စစ်ထားနိုင်လေ ရင်သားကင်ဆာဖြစ်နိုင်ခြေကို ကြိတင်ပြီး အချိန်မီ ကာကွယ်ထားနိုင်လေပဲ ဖြစ်ပါတယ်။ အဲဒီအပြင် မလိုလားအပ်တဲ့ ကြီးမားတဲ့ ခွဲစိတ်ကုသမှုမျိုးတွေကလည်း ရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့ ဆေးစစ်မှုနှစ်ခုစလုံးဟာ အလွန်ကောင်းမွန်ပြည့်စုံတဲ့ စစ်ဆေးမှုမျိုးတွေပဲ ဖြစ်ပါတယ်။ တချို့တိုင်းပြည်တွေမှာတော့ အသက် ၅၀ ကနေ ၆၀ ကျော် အမျိုးသမီးတွေကို အခမဲ့စစ်ဆေးမှုကို ပြုလုပ်ပေးကြပါတယ်။

ကဲ ဒီတလတော့ ဒီလောက်နဲ့ပဲ နားလိုက်ပါဦးစို့။ နောက်တလမှာ သားအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ပြန်ပြီးတော့ ဆွေးနွေးပေးသွားပါ့မယ်။

ခွန်နောနော်

တစ်ဆင့်မျှဝေသူ - တပွင်သားလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။