Ads 468x60px

သုတ-ရသ-ဟာသများနှင့် ထွေရာလေးပါး တစ်ဆင့်ပြန်လည်မျှဝေခြင်း

Friday, December 12, 2014

သားအိမ်ရင်ခေါင်း ကင်ဆာ





သားအိမ်ရင်ခေါင်း ကင်ဆာ

လွန်ခဲ့တဲ့လကတော့ လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ရင်သားကင်ဆာအကြောင်းကို တစေ့ တစောင်း ဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။ အခုဒီတလမှာတော့ သားအိမ်ရင်ခေါင်း ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ အကြောင်း အရာလေးတွေကို တချက်လောက်ပြန်ပြီး ဆွေးနွေးကြည့်ရအောင်လားနော်။ ဆွေးနွေးကြည့်ရအောင် ပြောလို့ ကျမကို ဆရာ ၀န်မကြီးတယောက်လို့တော့ မထင်လိုက်ပါနဲ့။ ကျမက အပြည်ပြည်ဆိုင်ရာ လိင်တူချင်းချစ်သူများ အခွင့်အရေး အစည်းအရုံး က ရှာဖွေသုတေတနပြုလုပ်ထားတဲ့ ကျန်းမာရေး အကြံပေးစာစောင်ကနေ တဆင့်ပြန်ပြီး မျှဝေပေးလိုက်တာပါ။

အဲဒီစာအုပ်မှာ ဆေးပညာရှင်တွေ ပြောထားတာက ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေ အတော်များများမှာ သားအိမ်ရင်ခေါင်း ကင်ဆာရောဂါဟာ အမျိုးသမီးတွေကို အသေအပျောက်နှုန်း မြင့်မားစေတဲ့ အဓိကရောဂါတခု ဖြစ်တယ်ဆိုတာပါပဲ။ ဘာဖြစ် လို့ အမျိုးသမီးတွေမှ အဲဒီရောဂါဟာ အဖြစ်များရတာလဲလို့မေးရင် အမျိုးသမီးတွေမှာက အမျိုးသားတွေထက် ထူးခြားတဲ့ ရင်သားရှိလို့ပဲလို့ ပြောရမှာပါ။ ဆိုတော့ အမျိုးသမီးတွေရဲ့ ခန္ဓာဗေဒဖွဲ့စည်းမှု၊ လူမှုရေးအခြေအနေ၊ ကျန်းမာရေးအစရှိတဲ့ အခြေအနေအရပ်ရပ်တွေနဲ့ ဆက်နွယ်ပြီးတော့ ဒီရောဂါဟာ အဖြစ်များတာ ဖြစ်တယ်လို့ပဲ ယေဘုယျဆိုကြပါစို့။

အဓိကအဖြစ်များရတဲ့ အကြောင်းရင်းကတော့ HPV (Human Papilloma Virus) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပေါ်အခြေခံပြီးတော့ နာတည်ရှည်ရောဂါတမျိုး စွဲကပ်သွားတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ များသောအားဖြင့်တော့ စီးကရက်သောက်တဲ့ အမျိုး သမီးတွေ အဖြစ်များတယ်လို့လည်း သိရပါတယ်။ လိင်တူဆက်ဆံတဲ့ အမျိုးသမီးပဲဖြစ်ဖြစ်၊ လိင်ကွဲဆက်ဆံတဲ့ အမျိုးသမီး ပဲဖြစ်ဖြစ် HPV ရောဂါပိုး နာတာရည် ကူးစက်ခံထားရပြီဆိုရင်တော့ သားအိမ်ရင်ခေါင်းကင်ဆာဖြစ်ဖို့ အလားအလာ အများ ကြီး ရှိနေပါပြီ။ သားအိမ်ရင်ခေါင်းကင်ဆာဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ၈၅ ရာခိုငှ်ုနှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက်ကလည်း ခုနကပြောတဲ့ HPV ဗိုင်းရပ်စ် အကူးစက်ခံထားရတဲ့သူတွေပဲ ဖြစ်ပါတယ်။

ဒါနဲ့ HPV ဆိုတာကို မေ့သွားတဲ့သူတွေအတွက် ပြန်ပြောပြပါ့မယ်။ ပြီးခဲ့တဲ့လကလည်း တခါပြောပြပြီးသားပါ၊ တခြားတော့ မဟုတ်ပါဘူး ဆေးပညာရပ်စကားမို့ ရှင်းပြလေ ပိုရှုပ်လေ ဖြစ်မှာစိုးတဲ့အတွက် HPV ဆိုတာ ရင်သားနဲ့ သားအိမ်ရင်ခေါင်း ကင်ဆာတွေ ဖြစ်လာဖို့အတွက် အဓိကတွန်းအားပေးတဲ့ ဗိုင်းရပ်စ်ရောဂါပိုတမျိုးလို့ပဲ မှတ်ထားလိုက်ပါ။ အဲဒီ ဗိုင်းရပ်စ်ပိုး အကူးစက်ခံထားရပြီ ဆိုရင်တော့ ခုနကပြောတဲ့ ကင်ဆာရောဂါနှစ်ခု ဖြစ်ဖို့အတွက် ကံစမ်းမဲပေါက်ထားပြီလို့သာ သဘော ထားလိုက်တော့။ အဲဒါကြောင့်မို့လို့ အဲဒီပိုး ကိုယ့်ဆီမှာ ရှိနေပြီလား၊ မရှိသေးဘူးလားဆိုတာကို သိဖို့အတွက် အမြဲတမ်း ဆေးစစ်မှု ရှိနေရမယ်လို့ ပြောတာပါ။

ဆိုတော့ ဒီ HPV ဆိုတဲ့ဗိုင်းရပ်စ်ပိုးဟာ လိင်ဆက်ဆံရာကနေ အဓိကကူးစက်တတ်တဲ့ သဘောရှိတယ်လို့ ဆိုပါတယ်။ လိင် အင်္ဂါအသုံးပြုပြီး လိင်ဆက်ဆံသည်ဖြစ်စေ၊ တခြားပွတ်သပ်ချော့မြူတဲ့ နည်းတွေကိုသုံးပြီး ဆက်ဆံသည်ဖြစ်စေ၊ လိင်ဆက် ဆံတယ်ဆိုရင်ပဲ ဒီရောဂါပိုးက ကူးစက်နိုင်ပါတယ်။ ရောဂါပိုးက ကိုယ့်ဆီဝင်လာတာကိုလည်း ဘယ်လိုမှ မသိနိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လို့ ကူးစက်ခံထားရပြီဆိုရင်တော့ နာတာရှည်ဖြစ်ဖို့ သေချာနေပြီဖြစ်သလို ကင်ဆာရောဂါဖြစ်ဖို့ အတွက် မျိုးစေ့ချပြီးသား ဖြစ်သွားပြီလို့လည်း ဆိုရပါမယ်။ နှစ်တွေကြာလာတာနဲ့အမျှ အဲဒီရောဂါပိုးဟာ တဖြည်းဖြည်းနဲ့ သားအိမ်ရင်ခေါင်းကင်ဆာ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

ရောဂါပိုး ကူးစက်ပြီးတဲ့နောက် အစောပိုင်းကာလမှာ သိသိသာသာ မြင်နိုင်တွေ့နိုင်လောက်တဲ့ ရောဂါလက္ခဏာမျိုး မတွေ့ ရပေမယ့်လို့ နောက်ပိုင်း ဓမ္မတာလာတဲ့အခါမှာ သွေးဆင်းတာ နည်းသွားတာမျိုး၊ ပြီးတော့ လိင်ဆက်ဆံပြီးတဲ့အခါ၊ ဒါမှ မဟုတ် ဓမ္မတာလာပြီးတဲ့နောက်ပိုင်း နာကျင်မှုမရှိပဲ အဖြူဆင်းတာမျိုးတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး နာကျင်မှု မရှိပဲ အဖြူဆင်းတဲ့ လက္ခဏာဟာ သားအိမ်ရင်ခေါင်းကင်ဆာနဲ့ ဆက်နွယ်နေတတ်တယ်လို့ ဆိုပါတယ်။

ကာကွယ်နိုင်တဲ့နည်းလမ်းများ

အကောင်းဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးသမီးတိုင်းအနေနဲ့ ဘ၀မှာ ဦးဦးဖျားဖျား လိင်မှုကိစ္စတွေကို မလုပ်သေးခင်အချိန်မှာ ကြိုတင်ပြီး (PAP SMEARS) လို့ခေါ်တဲ့ (သားအိမ်အတွင်းမှာရိတဲ့ ဆဲလ်တွေရဲ့ပြောင်းလဲမှု အခြေ အနေတွေကိုကို ဆန်းစစ်လေ့လာတဲ့စက်) စက်နဲ့ ဦးစွာပထမ စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။ ပြီးရင် ကျန်းမာသန်စွမ်း အောင် သွားလာနေထိုင်၊ ပြုမှုသင့်သလို အကောင်းဆုံးကတော့ စီးကရက်ကိုဖြတ်လိုက်တာက အကောင်းဆုံးပါ။ ဆေးလိပ်ဖြတ်ခြင်း ဟာ တခြားကင်ဆာရောဂါတွေ ဖြစ်လာနိုင်ချေကနေ အကောင်းဆုံး ကာကွယ်ပေးတဲ့ နည်းလမ်းတခုလို့လည်း ဆိုနိုင်ပါတယ်။



Pap Smear နဲ့ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်း

သားအိမ်ရင်ခေါင်းကင်ဆာဟာ ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ့ ကင်ဆာရောဂါတမျိုးဖြစ်သလို စောစောကုသလိုက်ရင် အမြန် ပျောက်ကင်းနိုင်တဲ့ ကင်ဆာရောဂါတမျိုး ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ အမျိုးသမီးတိုင်းအနေနဲ့ သားဖွားမီယပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးစစ်မှုတွေကို ပုံမှန်ပြုလုပ်သင့်တာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အမျိုးသမီးတိုင်း အနေနဲ့ မိမိဘ၀မှာ ပထမဦးဆုံးလိင်မှုကိစ္စနဲ့ တွေ့ကြုံခဲ့ဖူးပြီးတဲ့နောင်ပိုင်း တနှစ်အတွင်းမှာ Pap Smear ဆေးစစ်မှုကို အနည်းဆုံး တခေါက်တော့ ပြုလုပ်သင့်ပါတယ်။ အထူးသဖြင့် အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်အတွင်းမှာ ပြုလုပ်သင့်တာ ဖြစ်ပါ တယ်။ အဲဒီလို ဆေးစစ်လိုက်တဲ့အတွက်ကြောင့် မိမိအနေနဲ့ ဘာတွေ ကြိုတင်ပြင်ဆင်ထားရမယ်၊ ဘယ်လို ကုသမှုမျိုးတွေ ကို ကြိုတင် စီမံထားသင့်တယ်ဆိုတာကို ကြိုသိရမှာ ဖြစ်ပါတယ်။

HPV ဗိုင်းရပ်စ်ပိုးကို နှိမ်းနင်းနိုင်တဲ့ ကာကွယ်ဆေးထိုးခြင်း

၂၀၀၈ ခုနှစ်ကနေစပြီးတော့ HPV ဗိုင်းရပ်စ်ပိုးကို နှိမ်နင်းနိုင်တဲ့ ကာကွယ်ဆေးနှစ်မျိုး ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီကာ ကွယ်ဆေးတွေက သားအိမ်ရင်ခေါင်းကင်ဆာ ဖြစ်လာနိုင်တဲ့ HPV ပိုးတွေကို နှိမ်နင်းပေးနိုင်တာ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေ မှာတော့ အသက်အရွယ် ပြည့်သွားပြီဖြစ်တဲ့ အမျိုးသမီးငယ်တွေအတွက် အဲဒီကာကွယ်ဆေးကို အခမဲ့ ထိုးပေးကြပါတယ်။ ဒါပေမယ့်လို့ အဲဒီကာကွယ်ဆေးဟာ အမြဲလို Pap Smear ဆေးစစ်မှု ပြုလုပ်တာလောက်တော့ စိတ်မချရဘူးလို့ ဆိုပါတယ်။ အဲဒီတော့ အကောင်းဆုံးကတော့ အမြဲတမ်းဆေးစစ်မှု ပြုလုပ်နေတာက အကောင်းဆုံးပေါ့။

ဒီနေရာမှာ စကားချပ်အနေနဲ့ ကျမတခုမှာချင်တာကတော့ ကျမတို့ မြန်မာပြည် အရပ်ကအခေါ် (စော်ကားတယ်လို့ မထင်စေ ချင်) ဘောပြားမတွေကို ပြောချင်တာပါ။ ပြောတယ်ဆိုတာကလည်း စေတနာနဲ့ပါ။ ကျမနားလည်တယ်။ ရှင်တို့တွေက ကိုယ့် ကိုယ်ကို ယောက်ျားဆိုပြီး ခံယူထားတဲ့သူတွေ မဟုတ်လား။ ဆိုတော့ အခုနကပြောတဲ့ သားအိမ်ပိုင်းတို့၊ ရင်သားတို့နဲ့ ပတ် သက်ပြီး ဆေးသွားစစ်တာမျိုးတွေ လုပ်မယ်ဆိုရင် ရှင်တို့က သိပ်ရှက်ကြမယ်လေ မဟုတ်ဘူးလား။ ဘာဖြစ်လို့လည်းဆိုတော့ ရှင်တို့က ယောက်ျားလို ၀တ်၊ ယောက်ျားလို စားပြီး၊ နေနေပြီးတဲ့သူတွေကိုး။ ဆိုတော့ ရှင်တို့ဘ၀ကိုလည်း ကိုယ်ချင်းစာ နားလည်ပါတယ်။ ယောက်ျားတယောက်ပုံစံနဲ့ ဆေးခန်းထဲ ၀င်သွားပြီးတော့ ဆရာ ကျနော် သားအိမ်တွေ၊ ရင်သားတွေနဲ့ ပတ်သက်ပြီး ဆေးစစ်ချင်လို့ပါလို့ သွားပြောရင် ဂွမ်းပေါ့နော်။ ခံစားနားလည်ပေးလို့ ရပါတယ်။

ဒါပေမယ့် ကျမအကြံပေးချင်တာက ကိုယ့်ကျန်းမာရေးထက် အရေးကြီးတာ ဘာမှမရှိပါဘူး။ နောက်ပြီး အပ်နဲ့ထွင်းရင် ပျောက်မယ့်ကိစ္စကို နောက်ဆို ပုဆိန်နဲ့ ပေါက်နေရမယ့်အဖြစ်မျိုး မကြုံစေချင်လို့ပါ။ အဲဒါကြောင့် အထက်ကပြောခဲ့တဲ့ ဆေး စစ်မှုတွေကို ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။ ဆေးခန်းသွားမယ်ဆိုရင် အကောင်းဆုံးကတော့ အမျိုးသမီးဆရာဝန်တွေဆီ သွား ပြတာ ကောင်းပါတယ်။ ဒါမှမဟုတ်ရင်လည်း အမျိုးသမီးတွေအပေါ် နားလည် ကိုယ်ချင်းစာပေးနိုင်တဲ့ အမျိုးသားဆရာဝန် တွေဆီမှာ သွားပြတာလည်း ကောင်းပါတယ်။ တယောက်ထဲသွားဖို့ မရဲဘူးဆိုရင်တော့ အုပ်စုလိုက် အားလုံးဝိုင်းဆွေးနွေးတိုင် ပင်ပြီး အနည်းဆုံး တနှစ်တခါလောက်တော့ ဆရာဝန်တွေဆီ သွားပြသင့်တယ်လို့ ကျမအကြံပေးပါ ရစေ။ ပြီးတော့ နောက် ဆုံးမှာချင်တာကတော့ ဆော်ကြည်ဖို့ဆိုသကာ ဇွတ်ကျားမယ်တွေ လုပ်ပြီး ကွမ်းစား၊ ဆေးလိပ်သောက်၊ အရက်သောက်တဲ့ အကျင့်တွေကိုလည်း နည်းနိုင်သမျှ နည်းအောင် ရှောင်ကြဉ်ကြပါလို့။

နေားနော်

မူရင်း

တစ်ဆင့်မျှဝေသူ - တပွင်သားလေး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဝန်ခံခြင်း


ကျနော် ရိုးသားစွာ ၀န်ခံပါတယ်.... ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်တွင် တင်ထားသော နည်းပညာဆိုင်ရာများ၊ အထွေထွေ ဗဟုသုတများသည် ကျနော် ၀င်ရောက်ဖတ်ရှု လေ့လာခဲ့သော မြန်မာနည်းပညာရှင်များ၏ ၀က်ဆိုဒ်များမှ တစ်ဆင့်ကူးယူကာ ဆိုဒ်အားလုံးကို လျှောက်ပြီးဝင်ရောက်မလေ့လာဖြစ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး တစ်နေရာတည်းမှာ လေ့လာလို့ရအောင် အတတ်နိုင်ဆုံး မိမိတတ်နိုင်သောတစ်ထောင့်တစ်နေရာကနေ ကူညီသည့်အနေဖြင့် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါကြောင်း ၀န်ခံပါတယ်....။ ကျနော့် စကားဝါမြေ ဘလော့ဆိုဒ်မှ လိုအပ်ချက်များ အားလုံးသည် မိမိတစ်ယောက်တည်း၏ အားနည်းချက်သာဖြစ်ပါသည်။ ၀ါသနာအရ ပြုလုပ်ခြင်းဖြစ်သဖြင့် ကျနော့်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း စကားဝါမြေ ဘလော့ဆိုဒ်မှ ကျနော် မေတ္တာပို့သလိုက်ပါတယ်....။အစစအဆင်ပြေကြပါစေ.....။